ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် စံပြကျေးရွာတွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်

 



MNP - စက်တင်ဘာ   ၃


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် Cash For Work စီမံကိန်းရန်ပုံငွေဖြင့် ကျေးရွာတွင်းမြေသားလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ  ကျေးရွာတွင်း မြေသားလမ်းမှာ အရှည်ပေ ၄၅၀ ရှိပြီး မိုးရာသီကာလတွင် ဒေသခံပြည်သူများ သွားလာရာ၌ ရွှံ့ဗွက်များဖြင့် သွားလာရေးအဆင်မပြေမှုများနှင့် ကြုံတွေ့ နေရကြောင်းသိရ၍ ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း(၁၀၀)ဖြင့် လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို လုပ်ငန်းအရည်အသွေး ပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ် ကြီးကြပ်မှုဖြင့် ကျေးရွာစီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ယင်းကွန်ကရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးပါက ပွင့်ဖြူမြို့နယ် စံပြကျေးရွာရှိ အိမ်ခြေ ၆၃၄ အိမ်၊ လူဦးရေ ၃၉၂၀ ဦးအတွက် ကျေးရွာတွင်း ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်မည့်အပြင် လယ်ယာသီးနှံထွက်ကုန်များကိုလည်း လွယ်လင့်တကူ သယ်ယူပို့ဆောင်သွားနိုင်မည်ဖြစ်၍ ဒေသခံ ပြည်သူများက ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။


အဆိုပါစံပြကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခုနှစ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ( SMART Village ) စီမံကိန်းဖြင့် ကျေးရွာအခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး ၊ သွင်းအားစုပစ္စည်းများနှင့် ငွေကြေးထောက်ပံ့ကူညီခြင်း ၊ အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးနှင့် ကျေးရွာစီးပွားရေး မြင့်မားစေခြင်း၊ အသင်းအဖွဲ့များ ခိုင်မာ အားကောင်းစေခြင်းနှင့် နည်းပညာဖြန့်ဖြူးပေးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးစသည့် ခေတ်မီစံပြကျေးရွာထူထောင်ရေး အဓိက လုပ်ငန်းစဉ် (၆)ရပ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောသည်။ 


သတင်း - လှိုင်ဝင်းလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)