တောင်သူလယ်သမားများအတွက် ထိရောက်အကျိုးရှိစေသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA, Two Step Loan) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်သူလယ်သမားများအတွက် ထိရောက်အကျိုးရှိစေသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA, Two Step Loan)


မင်းမောင်မောင်

ဂျပန်နိုင်ငံအစိုးရမှ မြန်မာအစိုးရသို့ တစ်ဆင့်ထုတ်ချေးပြီး မြန်မာအစိုးရမှ တောင်သူလယ်သမားများသို့ တစ်ဆင့်ပြန်လည်ထုတ်ချေးသည့် ချေးငွေပုံစံဖြစ်၍ နှစ်ဆင့်ချေးငွေ Two Step Loan ဟု ဆိုခြင်းဖြစ်ပါသည်။ ချေးငွေရယူသည့် တောင်သူလယ်သမားများက ပြန်လည်ပေးဆပ်သည့်ငွေကို သတ်မှတ်ကာလအလိုက် မြန်မာအစိုးရက ဂျပန်အစိုးရသို့ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါသည်။ JICA, Two Step Loan ချေးငွေစီမံကိန်းမှာ မြန်မာနိုင်ငံ SME ကဏ္ဍအတွက်ထုတ်ချေးသည့် ချေးငွေနှင့် လယ်ယာကဏ္ဍအတွက်ထုတ်ချေးသည့် Two Step Loan ဟူ၍ နှစ်မျိုးရှိရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် JICA တို့ ပူးပေါင်းဆောင်ရွက်သည့် ချေးငွေမှာ လယ်ယာကဏ္ဍအတွက်ထုတ်ချေးသည့် Agriculture and Rural Development Two Step Loan (စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ) အမျိုးအစား ဖြစ်ပါသည်။


JICA, Two Step Loan ချေးငွေစီမံကိန်းကို တောင်သူများ ကာလရှည် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ချေးငွေများ အလွယ်တကူ ရရှိစေရန်၊ ချေးငွေများထုတ်ချေးပေးခြင်းဖြင့် လယ်ယာကဏ္ဍနှင့် လယ်ယာကို အခြေခံသော စီးပွားရေးကဏ္ဍတို့၏ ကုန်ထုတ်စွမ်းအား ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မြန်မာနိုင်ငံ၏ ကျေးလက်ဒေသနှင့် မြို့ပြဒေသဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်ချက်တို့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။


စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA, Two Step Loan) အစီအစဉ်သည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက် (၃) ရပ်အနက် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီ နည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုသည့် ဦးတည်ချက်နှင့် လွန်စွာမှ ကိုက်ညီသော အစီအစဉ်တစ်ခု ဖြစ်ပါသည်။


စီမံကိန်းဖြစ်ပေါ်လာပုံ


မြန်မာနိုင်ငံအစိုးရနှင့် ဂျပန်နိုင်ငံအစိုးရတို့ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းများအနက် မြန်မာနိုင်ငံရှိ ကျေးလက်နေ တောင်သူလယ်သမားများ၏ လူမှုဘဝ တိုးတက် မြင့်မားစေရေးနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍတိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ရည်ရွယ်ဆောင်ရွက်သည့် JICA, Two Step Loan စီမံကိန်းဖြစ်ပေါ်ရန်အတွက် JICA မှ ကွင်းဆင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ နှစ်နိုင်ငံ စာချုပ်များချုပ်ဆိုခြင်း စသည့် စီမံကိန်းဆိုင်ရာအခြေအနေများအား အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-


(က)     စီမံကိန်းအတွက် JICA က ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲအချို့သို့ ကွင်းဆင်းပြီး Preparatory Survey ဆောင်ရွက်ခဲ့ပါသည်။


(ခ)       ၂၀၁၆ ခုနှစ် မတ်လမှ ဇူလိုင်လအတွင်း JICA Head Office, Janpan မှ Mr. Hiroaki Imai (Assistance Director, Southeast Asia & Pacific Department) ဦးဆောင်သော အဖွဲ့သည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဘဏ်၏ချေးငွေမူဝါဒဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်း၊ ကိန်းဂဏန်းအချက်အလက်များ ကောက်ယူခြင်း၊ အသေးစိတ်ညှိနှိုင်း ဆွေးနွေးခြင်းများကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသည်။


(ဂ)       ၈-၇-၂၀၁၆ မှ ၁၁-၇-၂၀၁၆ ကာလအတွင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ငွေတိုက်ဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် JICA တာဝန်ရှိသူတို့ အကြိမ်ကြိမ် ဆွေးနွေးပြီး JICA Project Facts Finding Mission (Appraisal Mission) အဖွဲ့ကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ စေလွှတ်ခဲ့ပါသည်။


(ဃ)     Appraisal Mission အဖွဲ့ကပြုစုသည့် Minutes of Discussions (MD) အား မြန်မာနိုင်ငံအစိုးရဘက်မှ ငွေတိုက်ဦးစီးဌာနနှင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ဂျပန်နိုင်ငံ အစိုးရဘက်မှ JICA တို့ ၂၉- ၇- ၂၀၁၆ ရက်တွင် သဘောတူ လက်မှတ်ရေးထိုးခဲ့ပါသည်။


(င)       JICA, Two Step Loan စီမံကိန်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပ ပြုလုပ်သော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့၌ အတည်ပြုခဲ့ပါသည်။          


ချေးငွေပမာဏ၊ အတိုးနှုန်း၊ သက်တမ်းနှင့် ချေးငွေလုပ်ငန်း အမျိုးအစားများ


(က) ချေးငွေပမာဏ- ဂျပန်ယန်း ၁၅၁၃၅ သန်း၊ မြန်မာငွေ ကျပ် ၂၀၀၀၀၀ သန်းခန့်၊


(ခ) ချေးငွေသက်တမ်း-၄၀ နှစ်(ဆိုင်းငံ့- ၁၀ နှစ်၊ ပြန်ဆပ်-၃၀နှစ်)၊


(ဂ) ချေးငွေရယူမည့် တောင်သူသည် စက်တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို စုဆောင်းငွေ (အပ်ငွေ) အဖြစ် ဘဏ်တွင် အပ်နှံထားရမည်ဖြစ်ပြီး အပ်ငွေအပေါ် ၅ ရာခိုင်နှုန်းအတိုးဘဏ်မှ ပြန်ပေးပါသည်။


(ဃ) တောင်သူများသို့ချေးငွေထုတ်ချေးခြင်း


(၁) ချေးငွေအတိုးနှုန်း- ၅ ရာခိုင်နှုန်း၊


(၂) ချေးငွေသက်တမ်း- ၃ နှစ်၊ ၅ နှစ်၊


(၃) ချေးငွေပမာဏ


(ကက) တစ်ဦးချင်း ကျပ်သိန်း ၇၀၀ အထိ၊


(ခခ) အစုအဖွဲ့အလိုက် ကျပ်သိန်း ၅၀၀၀ အထိ၊


(၄) ထုတ်ချေးမည့်လုပ်ငန်းအမျိုးအစားများ


(ကက) နှစ်တိုချေးငွေ (၃ နှစ်) လယ်ယာသုံးစက်ကိရိယာအမျိုးမျိုး (ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက်မှအပ)


(ခခ)    နှစ်ရှည်ချေးငွေ (၅ နှစ်) ထွန်စက်ကြီး၊ ရိတ်သိမ်းခြွေလှေ့စက် အပါ အဝင် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသော စီးပွားရေးလုပ်ငန်းများဖြစ်သည့် ဆန်စက်၊ ဆီစက်၊ ဂိုဒေါင်၊ အစာစပ်စက်ရုံ၊ ဆီသွတ်စက်ရုံစသည့်စက်ရုံများ၊ အခြောက်ခံစက် (Dryer)၊ သိုလှောင်ရုံ(Silo)၊ လယ်ယာ သုံးထရပ်ကား(Farm Truck) စသည်...။


လက်ရှိ JICA, Two Step Loan ချေးငွေထုတ်ချေးထားမှုအခြေအနေ


စီမံကိန်းစတင်သည့် ၂၁-၁-၂၀၁၇ ရက်မှ ၂၀-၉-၂၀၂၂ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများသို့ လယ်ယာ ကုန်ထုတ်လုပ်ငန်းအတွက် လိုအပ်သည့် လယ်ယာသုံး စက်ကိရိယာများကို JICA, Two Step Loan ချေးငွေအဓိကဖြင့် ထုတ်ချေးထားမှု အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


(က) နေပြည်တော်ကောင်စီနယ်မြေနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခု


(ခ) မြို့နယ်ပေါင်း ၁၈၇ မြို့နယ်


(ဂ) တောင်သူပေါင်း ၅၅၉၂ ဦး


(ဃ) စက်စီးရေ ၅၅၉၂ စီး


(င) ချေးငွေပမာဏ ကျပ် ၂၃၀၉၄၇ ဒသမ ၄၃၈ သန်း


ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ထုတ်ချေးထားမှု အခြေအနေဇယားချုပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-


JICA ထံမှရယူသည့် ချေးငွေကျပ် ၁၉၇ ဒသမ ၇ ဘီလီယံအား ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် အားလုံးရယူပြီး တောင်သူလယ်သမားများထံသို့ ထုတ်ချေးထားပြီး ဖြစ်ပါသည်။ ချေးငွေရယူထားသည့် တောင်သူများက တစ်နှစ်တစ်ကြိမ် အရစ်ကျ ပြန်လည်ပေးဆပ်သည့် အရင်းငွေများကို Revolving Fund (လှည့်ပတ်ရန်ပုံငွေ) အဖြစ် ဘဏ်တွင် စုဆောင်းထားပြီး JICA, TSL ချေးငွေသစ်လျှောက်ထား၍ တင်ပြလာသည့် တောင်သူများအား ချေးငွေဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ စိစစ်ထုတ်ချေးလျက်ရှိပါသည်။ နှစ် ၄၀ အထိ ရယူအသုံးပြုနိုင်သည့် နှစ်ရှည်ချေးငွေဖြစ်သည့်အတွက်လည်း မြန်မာနိုင်ငံတစ်ဝန်းလုံးမှ တောင်သူဦးကြီးများထံသို့ ငါးနှစ်တစ်ကြိမ်ဖြင့် အနည်းဆုံးရှစ်ကြိမ်အထိ လှည့်လည်အသုံးပြု နိုင်မည့် ထိရောက်အကျိုးရှိသည့် ချေးငွေဖြစ်ပါသည်။


JICA, TSL ကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဦးဆောင်ကော်မတီ၊ စီမံကိန်းစီမံခန့်ခွဲမှုအဖွဲ့(PMU)၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် ချေးငွေ အကြံပေးအဖွဲ့ အဆင့်ဆင့်အားဖွဲ့စည်းပြီး စနစ်တကျ ကြီးကြပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။


JICA, Two Step Loan ချေးငွေကြောင့် တောင်သူလယ်သမားများနှင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍအတွက် အောက်ပါအကျိုးကျေးဇူးများ ရရှိစေပါသည်-


(က) တောင်သူလယ်သမားအတွက်သာ ရည်ရွယ်ဆောင်ရွက် ပေးသည့်စီမံကိန်းဖြစ်ပါသည်။


(ခ) တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းသာ ပေးဆောင်ရသဖြင့် အတိုးနှုန်းသက်သာသော ချေးငွေ ဖြစ်ပါသည်။


(ဂ)       တောင်သူများအနေဖြင့် ၎င်းတို့ အမည်ပေါက်ပိုင်ဆိုင်သော လယ်ယာမြေလုပ်ပိုင်ခွင့် ပြုလက်မှတ်(ပုံစံ-၇) မူရင်း၊ ၃၀ ရာခိုင်နှုန်း စုဆောင်းငွေ၊ အာမခံသူနှစ်ဦးတို့၏ အာမခံချက်ဖြင့် ချေးငွေရယူနိုင်ပါသည်။


(ဃ) တောင်သူများက ချေးငွေပြန်လည်ပေးဆပ်ရာတွင် တစ်လုံးတစ်ခဲတည်း ပြန်ဆပ်ရန်မလိုဘဲ တစ်နှစ်တစ်ကြိမ် အရစ်ကျပြန်လည်ပေးဆပ်ရခြင်းဖြစ်သဖြင့် ချေးငွေအတွက် ဝန်ထုပ်ဝန်ပိုး နည်းပါးစေပါသည်။


(င) တောင်သူအနေဖြင့် JICA, TSL ချေးငွေဖြင့် မိမိအကျိုးကိုသာမက မိမိရပ်ရွာဒေသနေ ဘဝတူတောင်သူများ၏ အကျိုးကိုပါ ကူညီဆောင်ရွက်ပေးနိုင်သည့် အတ္တ၊ ပရမျှတ အကျိုးရှိသော ချေးငွေဖြစ်ပါသည်။


(စ) လယ်ယာကဏ္ဍတွင် လက်မှုလယ်ယာမှစက်မှုလယ်ယာသို့ ကူးပြောင်းဆောင်ရွက်ရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေပါသည်။


JICA, Two Step Loan ချေးငွေသည် တောင်သူလယ်သမားများ အတွက်သာမက မြန်မာနိုင်ငံအတွင်း လယ်ယာသုံး စက်ကိရိယာများ ရောင်းချနေသည့် ပြည်တွင်း၊ ပြည်ပကုမ္ပဏီ၊ လုပ်ငန်းများနှင့် အဆိုပါ လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူဝန်ထမ်းများအတွက်လည်း အကျိုး ရှိစေသည့် အစီအစဉ်၊ အလုပ်အကိုင် အခွင့်အလမ်းများစွာကိုလည်း ဖော်ဆောင်ပေးနိုင်သည့် စီမံကိန်းတစ်ခု ဖြစ်ပါသည်။ စက်ကိရိယာ ရောင်းချသည့်လုပ်ငန်းရှင်၊ ကုမ္ပဏီများ အနေဖြင့်လည်း အရည်အသွေးကောင်းမွန်သော စက်ကိရိယာများ ရောင်းချပေးရေး၊ စက်အပိုပစ္စည်းများ အလွယ်တကူရရှိနိုင်ရေး၊ စက်ကိရိယာ ကိုင်တွယ်ထိန်းသိမ်းမှု သင်တန်းများပေးရေး၊ After Sale Services ကို အကောင်းဆုံးဆောင်ရွက်ပေးရေးတို့ လိုအပ်ပါသည်။


တောင်သူများအနေဖြင့် JICA, TSL ချေးငွေရယူလိုပါက တောင်သူ၏ အမည်ပေါက် မြေပိုင်ဆိုင်မှု (ဂရန်မြေ သို့မဟုတ် လယ်ယာမြေ)၊ ၃၀ ရာခိုင်နှုန်းစုဆောင်းငွေ၊ ဝင်ငွေတိုးတက် ရှာဖွေနိုင်မှု၊ ချေးငွေပြန်လည် ပေးဆပ်နိုင်စွမ်းတို့ကို ကြိုတင်တွက်ချက် ပြင်ဆင်စဉ်းစားပြီး အောက်ပါ အချက်များနှင့်အတူ သက်ဆိုင်ရာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများ တွင် ချေးငွေလျှောက်ထား ရယူနိုင်မည်ဖြစ်ပါသည်-


(က) တောင်သူ၏ နိုင်ငံသား စိစစ်ရေးကတ်မိတ္တူ


(ခ) အိမ်ထောင်စုစာရင်းမိတ္တူ


(ဂ) ငွေစုစာအုပ်မိတ္တူ


(ဃ) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)မိတ္တူနှင့် ပုံစံ(၁၀၅) မိတ္တူ


(င) ပူးတွဲအာမခံသူနှစ်ဦး


(စ) ချေးငွေအဆိုပြုသူ တောင်သူ၏ သုံးနှစ်အတွင်း ဝင်ငွေနှင့် အသုံးစရိတ်မှတ်တမ်း


စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေ (JICA, Two Step Loan)စီမံကိန်းသည် ၂၀၁၇ ခုနှစ်မှ ၂၀၅၇ ခုနှစ်အထိ နှစ် ၄၀ နှစ်ချုပ် အသုံးပြုနိုင်သည့် အတိုးနှုန်းသက်သာသော စီမံကိန်းတစ်ခု ဖြစ်ပါသည်။ JICA, TSL စီမံကိန်းသည် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တောင်သူများနှင့် လယ်ယာကဏ္ဍအတွက် များစွာထိရောက်အကျိုး ရှိစေသည့် စီမံကိန်းဖြစ်သဖြင့် JICA, Two Step Loan စီမံကိန်း ရေရှည်တည်တံ့ အောင်မြင်ရေး (Sustainable) အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ တောင်သူများနှင့် လယ်ယာစီးပွားလုပ်ငန်း ဆောင်ရွက်နေကြသည့် ကုမ္ပဏီ၊ လုပ်ငန်းရှင်များအားလုံး စနစ်တကျ ထိန်းသိမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါသည်။ နိုင်ငံတော်တစ်ဝန်းလုံးမှ လုပ်ကိုင်နိုင်စွမ်း ရှိသည့် တောင်သူဦးကြီးများ အနေဖြင့်လည်း JICA, Two Step Loan ဆိုင်ရာ သိလိုသည်များ၊ ချေးငွေ ရယူလျှောက်ထားခြင်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများသို့ဆက်သွယ်ပြီး ဆောင်ရွက်နိုင်ပါကြောင်း အသိပေးတိုက်တွန်း အပ်ပါသည်။ ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)