နျူကလီးယားစွမ်းအင်ကို လူမှုဘဝစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များ(Road Map) ချမှတ်ဆောင်ရွက်မည့် အစီအစဉ်များ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် Rosatom State Corporations မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နျူကလီးယားစွမ်းအင်ကို လူမှုဘဝစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များ(Road Map) ချမှတ်ဆောင်ရွက်မည့် အစီအစဉ်များ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် Rosatom State Corporations မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး






MNP ၊ စက်တင်ဘာ ၆

(၇) ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ် (The 7th Eastern Economic Forum-2022)ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗလာဒီဗော့စတော့ခ်မြို့ Far Eastern Federal University(FEFU) ၌ စက်တင်ဘာ ၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တွေ့ဆုံဆွေးနွေးမှုများ၊ နားလည်မှုစာချွန်လွှာ ရေးထိုးပွဲများ၊ တွေ့ဆုံမေးမြန်းမှုများကို ဆောင်ရွက်လျက်ရှိကြပြီး ကဏ္ဍပေါင်းစုံအလိုက် ပြခန်းများဖြင့်လည်း ခင်းကျင်းပြသထားသည်။


ထိုသို့ Eastern Economic Forum-2022 ရှိ Exhibition အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများအား ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် အဖွဲ့ဝင်များက ယနေ့ဒေသစံတော်ချိန် နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု လေ့လာကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် RZD Russian Railways ကုမ္ပဏီပြခန်းသို့ ရောက်ရှိကြရာ ပြခန်းတာဝန်ခံများက မီးရထားလမ်းကြောင်း နည်းပညာများနှင့် ဝန်ဆောင်မှုပေးနိုင်သည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးသည်။


ယင်းနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး Rus Hydro Hydroelectric power generation company ပြခန်း၊ ငွေကြေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ VEB.RF Investment company ပြခန်း၊ Aeroflot Airline ပြခန်းတို့သို့ အသီးသီးရောက်ရှိ လေ့လာခဲ့ရာ ပြခန်းများအလိုက် တာဝန်ခံများက လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သိရှိလိုသည်များ ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြသည်။


ထို့နောက် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင်သည့် အဖွဲ့ဝင်များအား FEFU Campus အတွင်း တွေ့ဆုံ၍ နျူကလီးယား စွမ်းအင်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် အတွေ့အကြုံနှင့် နည်းပညာများကို လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေများနှင့် နှစ်နိုင်ငံပြည်သူလူထု အကျိုးရှိစေနိုင်မည့် ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယားစွမ်းအင်ကို နိုင်ငံသူ၊ နိုင်ငံသားများ၏ လူမှုဘဝစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များ(Road Map) ချမှတ်ဆောင်ရွက်မည့် အစီအစဉ်များ၊ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်းအပါအဝင် သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ်တို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ကြသည်။


တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့နှင့် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations တို့အကြား ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်ဆိုင်ရာ သဘောတူညီမှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းကို ဆက်လက်ဆောင်ရွက်ကြရာ Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr. Alexey Evgenievich Likhachev၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်တို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရှေ့မှောက်တွင် နားလည်မှုစာချွန်လွှာများကို အသီးသီး လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)