သုတေသနဆိုင်ရာအခြေခံ (Basic) နှင့် အထူးကြပ်မတ် (Intensive) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုတေသနဆိုင်ရာအခြေခံ (Basic) နှင့် အထူးကြပ်မတ် (Intensive) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ



MNP ၊ အောက်တိုဘာ ၅

မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁) အထောက်အပံ့အစီအစဉ်အရ ခရီးသွားလုပ်ငန်း သုတေသနစင်တာတည်ထောင်ခြင်း စီမံကိန်း (Establishment of Tourism Research Center) အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သော သုတေသန ဆိုင်ရာအခြေခံ(Basic)နှင့်အထူးကြပ်မတ်(Intensive) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။


ခရီးသွားလုပ်ငန်းဆိုင်ရာ စာရင်းဇယားများ အားကောင်းခိုင်မာစေရေး၊ မူဝါဒများ၊ စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အားကောင်းသော ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များ တိကျမှန်ကန်မှုရှိစေရေးမှာ အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်သောကြောင့် ယင်းသုတေသနသင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်းဖြစ်ပြီး သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က သုတေသနဆောင်ရွက်ရာတွင် ကိန်းဂဏန်းအချက်အလက်များ ကောက်ယူမှုပေါ် မူတည်ပြီး သုတေသန၏ ဆောင်ရွက်ချက်များကို ပေါ်လွင်အောင် ဖော်ထုတ်နိုင်မည်ဖြစ်သည့် အတွက် Data များကို သေချာစွာကောက်ယူရမည် ဖြစ်ကာ စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့မှသာ ဈေးကွက်၏ သဘောသဘာဝကို နားလည်ပြီး လက်တွေ့ကျသော ရည်မှန်းချက်များချမှတ်၍ အကျိုးရှိသော ဈေးကွက်ဆိုင်ရာ နည်းဗျူဟာများ ဖော်ထုတ်နိုင်ရန်နှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းပြီး လုပ်ငန်းအသစ်များ ချဲ့ထွင်ဖော်ထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲ ပြီးနောက် ဝင်ရောက်လာသော နိုင်ငံတကာခရီးသွား ဧည့်သည်များ၏ အချက်အလက်များကို စာရင်း ကောက်ယူ၍ သုတေသနပြုလုပ်ခြင်းဖြင့် ဈေးကွက် အနေအထားကို ခန့်မှန်းနိုင်မည်ဖြစ်ပါကြောင်း၊ သုတေသနသင်တန်းများတွင် သင်ယူကြမည့် သင်တန်းသားများအနေဖြင့်လည်း သင်တန်းတွင် သင်ကြားပို့ချခဲ့မှုများကို သေချာစွာလေ့လာ မှတ်သားပြီး လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးချနိုင်အောင် ဖြန့်ဝေပေးကာ ကြိုးစားဆောင်ရွက် သွားကြရန် တိုက်တွန်းပြောကြားသည်။


ဆက်လက်ပြီး ခရီးသွားလုပ်ငန်းဆိုင်ရာ သုတေ သနစင်တာမှ စီမံကိန်းအဖွဲ့ခေါင်းဆောင် ကျွမ်းကျင် ပညာရှင် ဦးအောင်မင်းက သင်တန်းနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။


အဆိုပါ ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံ သင်တန်းကို အောက်တိုဘာ ၄ ရက်မှ ၇ ရက်အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး အထူးကြပ်မတ် သင်တန်းကို အောက်တိုဘာ ၁၁ ရက်မှ ၂၈ ရက်အထိ ရက်သတ္တလေးပတ်ကြာ ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကာ သင်တန်းတွင် စာရင်းဇယား ကောက်ခံပြုစုမှုများကို Quantitative and Qualitative Research Method သရုပ်ခွဲခြင်း ပညာရပ်များကို အခြေခံ၍ဆောင်ရွက်ခြင်းဆိုင်ရာ ကိစ္စရပ်များ၊ သုတေသန ဆောင်ရွက်မည့် ပုံစံဒီဇိုင်းတည်ဆောက်ခြင်း၊ Data များ ကောက်ယူပုံနှင့် စစ်တမ်းမေးခွန်းလွှာ များ ပြင်ဆင်ခြင်း၊ သုတေသနဆိုင်ရာ ကျင့်ဝတ်များ နှင့် အွန်လိုင်း/ ကွင်းဆင်းဆောင်ရွက်ခြင်းဆိုင်ရာ လိုက်နာသင့်သည်များကို Software များ အသုံးပြု၍ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။


ခရီးသွားလုပ်ငန်းဆိုင်ရာ အခြေခံသင်တန်းကို ဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ မန္တလာတက္ကသိုလ် နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (ရန်ကုန်)မှ နည်းပြများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ ချုပ်မှ ကိုယ်စားလှယ် စုစုပေါင်းသင်တန်းသား ၇၀ ကျော်ကို Hybrid စနစ်ဖြင့် ဖွင့်လှစ်သင်ကြားပေး သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)