ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်လှစ်





MNP ၊ အောက်တိုဘာ ၃၁

ဝန်ကြီးဌာန၏ မြို့နယ်ရုံးအသီးသီးရှိ နိုင်ငံသားကတ်ထုတ်ပေးခြင်း မှတ်ပုံတင်စာအုပ် (နိုင်-၄) ပါလူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (၅၂) သန်းကျော်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)ပါ အချက်အလက်(၁၃)သန်းကျော်အား နည်းပညာအသုံးပြု၍ ရုံးချုပ် Server သို့ ထည့်သွင်းကာ ဆိုက်ဘာလုံခြုံရေးအစီအမံများဖြင့် ထိန်းသိမ်းထားရှိပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် e-ID စနစ်လုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းစဉ်တစ်ခုဖြစ်သော ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်း သင်တန်းအမှတ်စဉ်(၁/၂၀၂၂)ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားစဉ် ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ e-Government စနစ်အတွက် အခြေခံအကျဆုံးဖြစ်သည့် e-ID စနစ်၏ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော ဇီဝဆိုင်ရာအချက်အလက် (Biometric)ကောက်ယူရေးသည် အဓိကကျသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် အီလက်ထရောနစ်စနစ်ဖြင့် လူဦးရေမှတ်ပုံတင်ခြင်း (e-ID) ဆိုသည်မှာ နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်(PR) ဖြင့်ခွင့်ပြုသူ၊ အမြဲနေ အခွန်ဆောင်နိုင်ငံခြားသား စသည်တို့၏ Biographic Data နှင့် Biometric Data များ ကောက်ယူ၍ Database တွင်သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ကြောင်း၊ ယခုအခါ Database Server အတွင်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် Biographic ထည့်သွင်းခြင်းဆောင်ရွက်သကဲ့သို့ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူသည့် လုပ်ငန်းစဉ်အား ဆက်လက်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါကြောင်း။


သင်တန်းသားများအနေဖြင့် သင်တန်းပြီးဆုံးသည်နှင့် လက်တွေ့အကောင်အထည် ဖော်ဆောင်ရွက်မှုအဖြစ် Enrollment Devices  (၁၂) စုံ အသုံးပြု၍ လာမည့်နိုဝင်ဘာလမှ စတင်ကာ Pilot Project ဖြင့် နေပြည်တော် အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပြီးနောက်ပိုင်းတွင် တိုင်းဒေသကြီး /ပြည်နယ်အလိုက် သတ်မှတ်မြို့နယ်များတွင် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချချက်များကို အလေးဂရုပြုမှတ်သားဆောင်ရွက်၍ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပြန်လည်ရောက်ရှိသည့်အချိန်တွင် ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချနိုင်ရေးဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် e-ID စနစ်၏ အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ရပ်ကို ဆောင်ရွက်နိုင်ရန် ယခုသင်တန်းမှ ပို့ချချက်များကို အလေးထား မှတ်သားလိုက်နာဆောင်ရွက်ကြရန်နှင့် မရှင်းလင်းသည့်အချက်များရှိပါက ပွင့်ပွင့်လင်းလင်း မေးမြန်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။


အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် သင်တန်းခန်းမအတွင်း သင်တန်းသား/ သင်တန်းသူများကို ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းစဉ်များ လက်တွေ့ပို့ချဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။


အဆိုပါသင်တန်းသို့ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးနှင့် ရုံးချုပ်တို့မှ သင်တန်းသား/သင်တန်းသူ (၅၇)ဦးတက်ရောက်ကြ၍ သင်တန်းကို (၅)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါကနေပြည်တော်အတွင်းရှိ ဌာနကြီးများနှင့် ဝန်ကြီးဌာနအသီးသီးမှ ဝန်ထမ်းများကို ဇီဝဆိုင်ရာအချက်အလက်(Biometric) ကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း  သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)