(၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံအပေါင်း ၃ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် (၆) ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး၊ (၆) ကြိမ်မြောက် အာဆီယံအပေါင်း ၃ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် (၆) ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကျင်းပ



MNP ၊ အောက်တိုဘာ ၁၆

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာပညာရေးကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သော (၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး (12th ASEAN Education Ministers Meeting– 12th ASED) နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့်(၆)ကြိမ်မြောက် အာဆီယံအပေါင်း ၃ ပညာရေး ဝန်ကြီးများအစည်းအဝေး (6th ASEAN Plus Three Education Ministers Meeting – 6th APT EMM)၊ (၆) ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး (6th East Asia Education Ministers Meeting – 6th EAS EMM) များကို တက်ရောက်ခဲ့သည်။


(၁၂) ကြိမ်မြောက် အာဆီယံပညာရေး ဝန်ကြီးများ အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Meli Hanoi ဟိုတယ်၊ Grand Ballroom ခန်းမ၌ ကျင်းပရာ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E. ၊ ဗီယက်နမ်ပညာရေးနှင့်လေ့ကျင့်ရေးဝန်ကြီးဌာန H.E. Nguyen Kim Son နှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်က ဖွင့်ပွဲမိန့်ခွန်းပြောကြားကြသည်။ ဆက်လက်၍ ဒုတိယ ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော အာဆီယံပညာရေးဝန်ကြီးများသည် ဖွင့်ပွဲအမှတ်တရ စုပေါင်းမှတ် တမ်းတင်ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် အစည်းအဝေးကိုကျင်းပရာ သဘာပတိအဖြစ် ဗီယက်နမ်နိုင်ငံပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Nguyen Kim Son က ဆောင်ရွက်ပြီး အဖွင့်မိန့်ခွန်းပြောကြားသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်(၁၀)နိုင်ငံမှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် အာဆီယံ ပညာရေးဝန်ကြီးများက အာဆီယံ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများတွင် ကြံ့ကြံ့ခိုင်သည့် ပညာရေး စနစ် တစ်ဖန်ဆန်းသစ်နိုင်ရေးအတွက် ပူးပေါင်းအားထုတ်မှု မျက်နှာစာသစ်ဖွင့်လှစ်ခြင်း (Joint efforts to reimagine learning and building resilience of education systems in ASEAN and beyond in the new context) ဦးတည်ချက်ဖြင့် အလှည့်ကျ မိန့်ခွန်းပြောကြားကာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။


ဆက်လက်၍ အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများသို့ တင်သွင်းမည့် အာဆီယံဒစ်ဂျစ်တယ် အသွင်ကူးပြောင်းမှုပညာရေးစနစ်များ ကြေညာစာတမ်းကို အတည်ပြု ကာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး၊ ပြန်လည်ကုစားရေးနှင့် ကြံ့ကြံ့ခိုင်ရပ်တည်ရေး ကြေညာ ချက်ကို မှတ်တမ်းတင်ခဲ့ကြပြီး အာဆီယံ-ရုရှားဖက်ဒရေးရှင်း ပညာရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် (၂၀၂၂-၂၀၂၆)၊ အာဆီယံ-ဟန်ဂေရီ ပညာရေးပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန် လွှာနှင့် အာဆီယံအဆင့်မြင့်ပညာရေး အကောင်အထည်ဖော်ရေး လမ်းပြမြေပုံတို့ကို တင်ပြခဲ့သည်။


ထို့နောက် (၁၂) ကြိမ်မြောက် အာဆီယံပညာရေး ဝန်ကြီးများအစည်းအဝေး ပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြကာ ၂၀၂၄ ခုနှစ်တွင် ကျင်းပမည့်(၁၃)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် သဘောတူညီခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ညနေပိုင်းတွင် တည်ခင်းဧည့်ခံသော Gala Dinner သို့ တက်ရောက်ခဲ့ကြသည်။


ဆက်စပ်အစည်းအဝေးတစ်ခုဖြစ်သော (၆) ကြိမ်မြောက် အာဆီယံနှင့် အပေါင်း ၃ ပညာရေးဝန်ကြီးများ အစည်းအဝေးကို အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင်ကျင်းပရာ အစည်းအဝေးတွင် ပူးတွဲသဘာပတိ များဖြစ်ကြသည့် ဗီယက်နမ်ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေး ဝန်ကြီးတို့က အဖွင့်မိန့်ခွန်းပြောကြားကြပြီး အာဆီယံအပေါင်း ၃ ပညာရေးဝန်ကြီးများသည် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။


ထို့နောက် အပေါင်း ၃ နိုင်ငံများဖြစ်ကြသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့မှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြားကာ အာဆီယံအပေါင်း ၃ နိုင်ငံများမှ ပညာရေးဝန်ကြီးများ၏ ပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။


မွန်းလွဲပိုင်းတွင် (၆)ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး ကျင်းပရာ ဗီယက်နမ်နိုင်ငံ ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးက အစည်းအဝေးကို ဖွင့်လှစ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ထို့နောက် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်က (၅)ကြိမ်မြောက် အရှေ့အာရှပ ညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး၏ နောက်ဆက်တွဲ အာဆီယံအစည်းအဝေးများ ကျင်းပခဲ့မှုကို အစည်းအဝေးသို့ တင်ပြဆွေးနွေးပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုယ်စား ဗီယက်နမ် ပညာရေးနှင့် လေ့ကျင့်ရေးဝန်ကြီးက မိန့်ခွန်းပြောကြားသည်။ ဆက်လက်၍ အရှေ့အာရှဆွေးနွေး ဖက်နိုင်ငံများဖြစ်ကြသော ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ ကိုရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံများမှ ပညာရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များနှင့် အာဆီယံဒုတိယအတွင်း ရေးမှူးချုပ်တို့က မိန့်ခွန်းပြောကြားကာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးတွင် (၆) ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး၏ ပူးတွဲကြေညာချက်ကို ဆွေးနွေးအတည်ပြုကြကာ အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


ယင်းနောက် ပညာရေးဝန်ကြီးဌာနနှင့် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ (SEAMEO) တို့အကြားချုပ်ဆိုသည့် အရှေ့တောင်အာရှ အခြေခံပညာ သင်ယူတတ်မြောက်မှုတိုင်းတာရေး (SEA-PLM) အတွက် Letter of Engagement ကို လက်မှတ်ရေးထိုးခဲ့ကြသည်။


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေဦးဆောင်ကာ အဖွဲ့ဝင်များအဖြစ် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇေယျာထွန်းတို့ ပါဝင်သော မြန်မာပညာရေးကိုယ်စားလှယ်အဖွဲ့သည် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးသို့ ကြိုတင်တက်ရောက်ခဲ့ကြသော အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်တို့နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)