ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်ခရိုင်ဌာနဆိုင်ရာရုံးများ ဖွင့်ပွဲတက်ရောက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တောင်ကုတ်ခရိုင်ဌာနဆိုင်ရာရုံးများ ဖွင့်ပွဲတက်ရောက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

 


MNP - အောက်တိုဘာ   ၁၇


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကုတ်ခရိုင်ဌာန ဆိုင်ရာရုံးများဖွင့်ပွဲတက်ရောက်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်ခရိုင်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ဖွင့်ပွဲသို့တက်ရောက်ပြီး ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးကျော်သူဇော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ဆက်လက်၍ ရုံးဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမွှေးနံ့သာရေများပက်ဖြန်းပေးကြပြီး ရုံးအစည်းအဝေးခန်းမ၌ တောင်ကုတ်ခရိုင်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။ တွေ့ဆုံစဉ်ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အလုပ်တာဝန်များကို ကျေပွန်စွာလုပ်ဆောင်ကြရန်၊ ပြည်သူများအတွက်အကျိုးရှိအောင် စေတနာ ထားလုပ်ဆောင်ကြရန်ပြောကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။


ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ ဂူတာရပ်ကွက်၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှေ့ရှိ လမ်းအား အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးရုံးအ စည်းအဝေးခန်းမ၌ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က  ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် ပြည်သူများ၏ ရင်ထဲမှာ ကောင်းမွန်သည့် ပုံရိပ်များအမြဲအမှတ်ရစွဲထင်နိုင်အောင် စေတနာထား ဆောင်ရွက်ပေးကြရန်နှင့် ကောင်းမွန်သည့်မှတ်တမ်းများ ကျန်ရှိနိုင်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံတည်ဆောက် ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အတွက်ငွေကျပ်သိန်း(၁၀၀)နှင့် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း(၂၀) တို့အားပေးအပ်ရာ ဆေးရုံကြီးကြပ်မှုကော်မတီနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးတို့က လက်ခံရယူကြသည်။ ယင်းနောက် မြို့မိ၊ မြို့ဖအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျောက်တောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးနှင့် တောင်ကုတ်တက္ကသိုလ်ပါမောက္ခချုပ်တို့က မြို့နယ်အတွင်း ကျန်းမာရေးဌာနများနှင့် တက္ကသိုလ်အတွက်လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဥပဒေချုပ်နှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ ကြီးသို့သွားရောက်ပြီး ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုကာ ဆေးရုံတက်ရောက်ကုသမှုခံယူ နေကြသည့် ဒေသခံပြည်သူများအားလိုက်လံအားပေးစကားပြောကြားပြီး အာဟာရဖြည့်စွက်စာများ ထောက် ပံ့ပေးအပ်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ကုတ်)ပင်မသုံးထပ်စာသင်ဆောင်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာက ကျောင်းဆောင်ဆောက်လုပ်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်ဆောက်လုပ်နေမှုအားလှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ မြို့ကွက်သစ် ဖော်ထုတ်လျက်ရှိသောနေရာတွင် ခရိုင်အဆင့်ဌာနဆိုင်ရာရုံးများ တည်ဆောက်မည့်မြေနေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ စည်ပင်သာယာရေးအဖွဲ့ရုံး၌ တောင်ကုတ်မြို့အတွင်း အမှိုက်များစနစ်တကျစွန့်ပစ်နိုင်ရေးအတွက် စီမံဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ပြီး တောင်ကုတ်မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေဖြန့်ဝေလျက်ရှိသော ဂရုဏာဆည်နှင့် ဝက်ကျိတ်ဆည်တို့တွင် ရေသိုလှောင်ထားရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)