MNP - အောက်တိုဘာ ၂၀
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့၊အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဥက္ကဋ္ဌ ဦးညီနပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသည် အရင်းမပျောက် မတည်ရန်ပုံငွေဖြစ်ကြောင်း၊ ငွေထုတ်ချေးရာတွင်စာချုပ်ဖြင့် စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အာမခံပစ္စည်းများထားရှိမှုအခြေအနေ၊ တင်ပြသည့်စာရင်းနှင့် မြေပြင်ရှိအခြေအနေ ကိုက်ညီမှုရှိစေရန် ဖွဲ့စည်းထားသည့်ကော်မတီများမှ သေချာကွင်းဆင်းစိစစ်တင်ပြရန်လိုအပ်ပါကြောင်း၊ စိစစ်တင်ပြပြီးပါက ငွေထုတ်ချေး ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်မှ ကြိုတင်ပြင်ဆင်ထားရန်၊ “ဝ”တိုင်းအောက်ရှိ မက်မန်းခရိုင်မှလည်း သိရှိလိုက်နာဆောင်ရွက်ရေး အသိပေးသွားရန်၊ ငွေထုတ်ချေးပြီးပါက အတိုးပုံမှန်ပြန်လည်ပေးဆပ်ရေးအတွက် အားလုံးတွင်တာဝန်ရှိပါကြောင်း၊ လိုအပ်ချက်များရှိပါက ကော်မတီဝင်များက အကြံပြုဆွေးနွေးပေးကြရန် မှာကြားခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူးဦးထွန်းထွန်းဝင်းက ငွေလွှဲပြောင်း ထုတ်ပေးနိုင်ရေးအတွက် ငွေစာရင်းအကောင့်များဖွင့်လှစ်ထားရှိရေး၊ စာချုပ်များ ပြင်ဆင်ထားရှိရေး၊ ပိုင်ဆိုင်မှုအထောက်အထားများ ရယူထားရှိရေးတို့ကိုလည်းကောင်း၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးတင်မောင်စိုးက မြစိမ်းရောင်စီမံကိန်း အတွေ့အကြုံများနှင့် အတိုးနှုန်းကိစ္စတို့ကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးဦးလှမိုးကျော်က စာချုပ်ပါအချက်အလက်များနှင့် စိုက်ပျိုးရေးလုပ်ငန်းတွင် ချေးငွေရယူမည့်စာရင်းကိုလည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲဝင်းထိုက်က ကော်မတီတွင် ပါဝင်သင့်သူများ ပြန်လည်ထည့်သွင်း ဖွဲ့စည်းပေးရေး၊ တင်ပြထားသည့်စာရင်းနှင့် မြေပြင်ရှိ အခြေအနေ မှားယွင်းမှုမရှိစေရေးအတွက်ကွင်းဆင်းဆောင်ရွက်မည့် အခြေအနေတို့ကိုလည်းကောင်း၊ ဥပဒေအရာရှိ ဦးချစ်ဦးပိုင်က စာချုပ်စာတမ်းတစ်ခုတွင် ပါဝင်သင့်သည့်အချက်များ၊ ငွေထုတ်ချေးသူနှင့် ငွေချေးယူသူတို့နှစ်ဦးနှစ်ဖက် နစ်နာမှုမရှိဘဲ မျှတမှုဖြစ်စေရေးကိုလည်းကောင်း၊ တိုင်းစီမံကိန်းဦးစီးမှူးဦးမြင့်အောင်က စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် ကဏ္ဍများခွဲခြား၍ စာချုပ်ချုပ်ဆိုနိုင်ကြောင်း၊ စာချုပ်တွင် သက်တမ်းကာလထည့်သွင်းဖော်ပြရေး၊ နောက်တစ်ကြိမ်အတွက် အတိုးနှုန်းပါထည့်သွင်းဖော်ပြရေး၊ ချေးငွေနှင့်ပတ်သက်၍ GDP တိုးတက်မှုတွင် ထည့်သွင်းတွက်ချက်နိုင်ရေးကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ ဥက္ကဋ္ဌက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်သည့်အတွက် မှားယွင်းမှုမရှိစေရေး ကွင်းဆင်းစိစစ်၍ ပြန်လည်တင်ပြရန်၊ လိုအပ်သည့်ကော်မတီအဖွဲ့ဝင်များ ပြန်လည်ထည့်သွင်းဖွဲ့စည်းပေးရန်၊ စာချုပ်ခိုင်မာမှုရှိစေရေး တာဝန်ရှိသူများက သေချာပြန်လည်စိစစ်ရေးဆွဲရန်မှာကြားခဲ့ပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment