MNP - အောက်တိုဘာ ၁၈
ဇမ္ဗူ့ထိပ်ခေါင် ရန်မျိုးအောင် ဆုတောင်းပြည့် မြတ်စွာဘုရားဆင်းတုတော်ကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ စည်ပင်သာယာရပ်ကွက် ဗိုလ်ချုပ်လမ်းတွင် တည်ထားလျက် မြို့နယ်သမိုင်းဝင် ဘုရားကြီးတစ်ဆူအဖြစ် အပူဇော်ခံလျက်ရှိရာ ယခုအခါတွင် ဆင်းထုတော်၏ သင်္ကန်းတော်ကို ရွှေသင်္ကန်းကပ်လှူရန် သက်ဆိုင်ရာ ဘုရားဂေါပကအဖွဲ့က စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
“ဆင်းတုတော်ကို ကောဇာသက္ကရာဇ် ၁၃၁၀ ခုနှစ်က ကိုယ်ထည် ကျောက်သားအဖြူရောင် သင်္ကန်းတော်တွင် ရွှေပိန်းချလျက် ဉာဏ်တော် ၁၄ တောင်ရှိ ထက်ဝေဖွဲ့ခွေ ဘူမိဖဿမုဒြာဖြင့် အရှေ့လောကဓာတ်သို့ မျက်နှာမူကာ ဆင်းတုတော်ကြီး ထုလုပ်ထားပတယ်၊ ကောဇာသက္ကရာဇ် ၄၅၂ ခုနှစ်က ပုဂံမင်းဆက်မှာ သာသနာပြုမင်း တစ်ပါးဖြစ်တဲ့ အလောင်းစည်သူ (မဏိစည်သူ)မင်းဟာ ဖောင်စကြာရတနာဖြင့် ချင်းတွင်းမြစ်ဝှမ်းဒေသ မင်းကင်းမြို့နယ်၊ ဘင်သင်တောရွာအရောက် အလိုအလျောက် ဖောင်တော်ရပ်တန့်သဖြင့် အကြောင်းထွေထူး စူးစမ်းတော်မူတဲ့အခါ ထက်ကောင်းကင်ယံဝယ် ရောင်လျံပဝင်း အံ့ဖွယ်ရာ မြင်ကွင်းကြောင့် လက်တော်နှစ်ဖက် ဆန့်တန်းလျက် အဓိဌာန်ပြုတဲ့အခါ ဗုဒ္ဓဓာတုဓာတ်တော်ကိုးဆူဟာ မင်းကြီးရဲ့ လက်ဖဝါးတော် နှစ်ပြင်ထက်သို့ ဆင်းသက်ကြွရောက် စမ္ပယ်တော်မူလာသည့်အတွက် စေတီတော်တည်ပြီး ကိုးကွယ်ခဲ့တယ်လို့ ဆိုပါတယ်၊ နှစ်ကြာလာသည့်အခါ မြစ်ရေတိုက်စားမှုကြောင့် ပြိုလုဆဲတွင် ဓာတ်တော်ကြုတ်နှင့်တကွ ဌာပနာ ပစ္စည်းအားလုံးကို ပင့်ဆောင်လျက် ဘုန်းတော်ကြီးကျောင်းတွင် လုံခြုံစွာ ထိန်းသိမ်းစောင့်ရှောက် ထားရှိခဲ့ကြပါတယ်၊ ၁၃၀၀ ပြည့်နှစ်မှာ ဓာတ်တော်လေးဆူကို ဂန့်ဂေါမြို့သို့ ပင့်ဆောင် ကိုးကွယ်ရာမှ ဆင်းထုတော်တွင် ဌာပနာထားတယ်လို့ သမိုင်းကဆိုပါတယ်၊ ဗိမာန်တော် ဆောက်လုပ်ခြင်း အပါအဝင် ဘက်စုံ မွမ်းမံတည်ဆောက်ခြင်း လုပ်ငန်းကို ဂေါပက အဆက်ဆက်က ဆောင်ရွက်လျက်ရှိပြီး မနှစ်က ဘုရားပုရိဝုဏ် အတွင်းမှာ ဧည့်ခံဆောင် ဆောက်လုပ်ခဲ့ပြီးတော့ ဒီနှစ်မှာတော့ ဆင်းထုတော်ရဲ့ သင်္ကန်းတော်ကို ရွှေသင်္ကန်း ကပ်လှူရန် စီစဉ်ဆောင်ရွက်နေ ပါတယ်” ဟု ဂေါပကအဖွဲ့မှ ဦးစောလေးက ပြောကြားသည်။
ဆင်းတုတော်ကြီးတွင် ဓာတ်တော်လေးဆူနှင့်တကွ အခြံအရံများပါ ဌာပနာ၍ ၎င်းနှစ် ပြာသိုလပြည့်နေ့တွင် ပြီးစီးအောင်မြင်သဖြင့် ဗုဒ္ဓါဘိသေကမင်္ဂလာ အနေကဇာတင် အခမ်းအနား ကျင်းပကြခဲ့သည်ကို အကြောင်းပြု၍ အဆိုပါနေ့အခါကို ဗုဒ္ဓပူဇနိယ အခါအဖြစ် သတ်မှတ်လျက် နှစ်စဉ် ကျင်းပလျက်ရှိပြီး ဘွဲ့အမည်တော်ကို ကလေးဝ တောရဆရာတော် (ယခု နာဂလှိုဏ်ဂူ ဆရာတော်-ရန်ကုန်) မိန့်ကြားတော်မူသည့်အတိုင်း ဇမ္ဗူ့ထိပ်ခေါင် ရန်မျိုးအောင် ဆုတောင်းပြည့် မြတ်စွာဘုရား ဟူ၍ ခေါ်ဆိုသမုတ်ကြကြောင်း သိရသည်။
သတင်း - တောင်သားမောင်သန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment