စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်




MNP ၊ အောက်တိုဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကောမတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ကလေးအလုပ်သမား ပပျောက်ရေးကော်မတီ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာအမျိုးသားကော်မတီ ပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် လိုက်နာအကောင်အထည် ဖော်ရမည့် လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးအတွင်း ကလေးအလုပ်သမား ပပျောက်ရေးနှင့်စပ်လျဉ်းပြီး တိုင်းဒေသကြီး အဆင့်ကော်မတီအား ပြန်လည်ပြင်ဆင် ဖွဲ့စည်းပြီးဖြစ်ရာ ဆပ်ကော်မတီ ၈ ရပ်ဖြင့် ဖွဲ့စည်း ထားရှိပြီးဖြစ်ပါကြောင်း၊


၂၀၂၂-၂၀၂၃ ဒုတိယ ၆ လအတွင်း ဘဏ္ဍာငွေသုံးစွဲရာတွင် ကော်မတီအသီးသီးက အသုံးစရိတ်များကို ရန်ပုံငွေကော်မတီသို့ တင်ပြသွားကြရန်၊ ပိုလျှံရန်ပုံငွေများအား လုပ်ထုံး လုပ်နည်းနှင့်အညီ ပြန်လည် တင်ပြသွားကြရန် လိုအပ်ပါကြောင်း၊ ကလေးအလုပ်သမား ကိစ္စရပ်သည် အလွန်ကျယ်ပြန့်သဖြင့် တစ်မျိုးသားလုံးနှင့်သက်ဆိုင်တာကြောင့် အမျိုးသား ရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူပြီး အားလုံးပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက် ကြရန်နှင့် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ဝင်များ၊ ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေး ပေးသွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ကော်မတီ ဥက္ကဌ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေး ကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြကြသည်။


ဆက်လက်၍ ကလေးအလုပ်သမားပပျောက်ရေး ကော်မတီအဖွဲ့ဝင် စာရင်းကောက် ယူရေးလုပ်ငန်းကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ဗဟိုစာရင်းအင်းဦးစီးဌာနမှ ကော်မတီ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ပညာရေးနှင့်အသက်မွေးဝမ်းကျောင်း လုပ်ငန်းကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ဥပဒေပြုရေးဆိုင်ရာလုပ်ငန်း ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီးဥပဒေရုံးမှ ကော်မတီလုပ်ငန်းများဆောင်ရွက် ထားရှိမှုအားလည်းကောင်း၊ အဆိုးရွားဆုံးပုံစံနှင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ လုပ်ငန်းခွင်မှဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက် ထားရှိမှုအားလည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအားလည်းကောင်း၊ ရန်ပုံငွေရှာဖွေရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ကော်မတီလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ လည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။


ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်ကြသော တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကလေးအလုပ်သမားပပျောက်ရေးကော်မတီ လုပ်ငန်းများဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ အသီးသီးအကြံပြုဆွေးနွေး တင်ပြကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အစည်းအဝေးသို့ တက်ရောက် လာသူများနှင့် ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ဖြည့် ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ ကြောင်း သိရသည်။     


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)