MNP - အောက်တိုဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ဘိုးလူဝကျေးရွာအုပ်စု၊ တံခွန်တိုင် ကျောင်းလေးကျောင်းတိုက် ဘုန်းတော်ကြီးကျောင်းတွင် ကျိုက်လတ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၉)နာရီခန့်က ကျင်းပခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးရဲမင်း၊ အတွင်းရေးမှူး ရဲမှူး စိန်လွင်အောင်နှင့် ဌာနဆိုင်ရာများက ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ကျေးရွာနေ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် လုပ်ငန်းများဆောင်ရွက်နေမှုများ၊ နိုင်ငံတော် ရှေ့ဆက်သွားမည့်မူဝါဒ လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ နိုင်ငံသားတိုင်း တာဝန်ရှိသည့် ဒို့တာဝန် အရေးသုံးပါးကို လေးစားလိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ပြန်လည် ဖြစ်ပွားနေသည့်အတွက် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ နေထိုင်ကြရန်၊ ကာကွယ်ဆေးများကို အကြိမ်ပြည့် ထိုးနှံပေးနေသည့်အတွက် ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ မော်တော်ယာဉ်၊ ဆိုင်ကယ်များ စနစ်တကျ စီးနင်းကြရန်၊ မိမိနေအိမ် ပတ်ဝန်းကျင်သန့်ရှင်းရေး၊ ရပ်ရွာရှိ ခြုံနွယ်များ ရှင်းလင်းရေး၊ မလိုလားအပ်သော ကိစ္စရပ်များ ကျေးရွာအတွင်း မဖြစ်ပွားစေရေး အတွက် ဧည့်စာရင်းများ စနစ်တကျတိုင်ကြားရန်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက စနစ်တကျ စိစစ်ဆောင်ရွက်ကြရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးမှု အခြေအနေ၊ အိမ်ထောင်စုစာရင်းပုံစံ (၆၆/၆) ပြုလုပ်ပေးမှု အခြေအနေ၊ မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စိစစ်ပေးနေမှု အခြေအနေများ၊ ကျောင်သား၊ ကျောင်းသူများနှင့် ကျောင်း၏ လုံခြုံရေးကိစ္စရပ်များ၊ ကျေးလက်မီးလင်းရေး ဆောင်ရွက်မှုများ၊ မီးဘေးကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မီဒီယာနှင့်ပတ်သက်၍ သတင်းမှန်များ၊ နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည်များကို တရားဝင်ထုတ်လွှင့်နေသည့် MRTV၊ MWD တို့ကိုကြည့်ရှုပါမှ အမှန်ကိုသိရှိမည်ဖြစ်ကြောင်း၊ တရားမဝင်ထုတ်လွှင့်နေသည့် သတင်းများကို ကြည့်ရှုပြီး လမ်းမှားမရောက်စေလိုကြောင်း၊ လုံခြုံရေးဆောင်ရွက်နေမှု အခြေအနေ၊ ပုံစံ(၇)ပြုလုပ်ပေးမှု အခြေအနေ၊ ၂၀၁၂ခုနှစ် လယ်ယာမြေဥပဒေအကြောင်း သိကောင်းစရာများ၊ မြစ်ကြောင်းတစ်လျှောက် ငါးသယံဇာတများ ပေါကြွယ်ဝစေရေး၊ ငါးလုပ်ငန်းဥပဒေအကြောင်း သိကောင်းစရာများ၊ စာတတ်သူတိုင်း စာဖတ်နိုင်ရေးအတွက် ကျေးရွာတိုင်းတွင် စာကြည့်တိုက်များ ဖြစ်ပေါ်လာစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများ တင်ပြလာသော ပညာရေး၊ ကျန်းမာရေး၊ လမ်း၊ တံတား စသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment