စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် နာဂဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော် နာဂဒေသခံပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး



MNP - အောက်တိုဘာ   ၃၀


စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်‌ကျော်သည် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊တိုင်း/ဒေသနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ယမန်နေ့က နာဂဒေသ၏ သဘာဝပတ်ဝန်းကျင် သာယာလှပမှုနှင့်တောတောင်စိမ့်စမ်းများ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး၊ ရာသီဥတုမှန်ကန်စေရေးတို့အတွက် အဟန့်အတားဖြစ်စေသည့် တောင်ယာခုတ်ကာ စိုက်ပျိုးသည့် အလေ့အထပပျောက်ကာ ချောင်းရေအားအသုံးပြု၍ တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်မည့် လယ်ယာစနစ်အား ပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် တိုက်ရန်ချောင်းဝဲယာတွင် ကုန်းမြင့်လယ်ယာ ၁၄၃ (တစ်ရာလေးဆယ်သုံး)ဧကဖော်ထုတ်နိုင်မည့် မြေနေရာများအား လိုက်လံကြည့်ရှုခဲ့ပြီး တိုင်းဒေသကြီးစက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးက လယ်ယာမြေဖော်ထုတ်ပေးမည့်အခြေအနေနှင့် ဒေသခံပြည်သူများအား ဝမ်းစာစပါးနှင့် အခြားသီးနှံများဖူလုံအောင် ဖြည့်ဆည်းပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ လာမည့်မိုးရာသီတွင် စတင်စိုက်ပျိုးနိုင်ရေးအတွက် ကုန်းမြင့်လယ်ယာမြေဖော်ထုတ်မှု လုပ်ငန်းများ အားအမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေးခဲ့သည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မကျန်-တိုက်ရန်-အံ့ပေါ်ကျေးရွာ သွားကားလမ်းပေါ်ရှိ ကျဝီချောင်းကူးတံတား အရှည် ၆၀ ပေ၊ အကျယ် ၂၀ သံကူကွန်ကရစ် တံတား တည်ဆောက်မည့်နေရာအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီတည် ဆောက်ပြီးစီးရေးအတွက် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မကျန်ကျေးရွာသို့ရောက်ရှိရာ မကျန်နှင့် စံတုန်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းပြောကြားသည်။


ယင်းနောက် ဒေသခံတိုင်းရင်းသားများက မိမိတို့ကျေးရွာများအလိုက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို အသီးသီးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မကျန်နှင့်စံတုန်ကျေးရွာများမှ ဒေသခံတိုင်းရင်းသားများအား ဆန်၊ အာလူး၊ ကြက်သွန်နှင့်ဆားများနှင့် အခြေခံပညာကျောင်းများအတွက် ငွေကျပ် ၅ သိန်းစီကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)