MNP ၊ အောက်တိုဘာ ၂၉
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပူးပေါင်းကာ မြို့သန့်ရှင်းသာယာလှပရေးအတွက် သထုံမြို့၏ကျက်သရေဆောင် လေးဆူဓါတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးနှင့် မြကျွန်းသာပန်းခြံအတွင်းတို့၌ ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များတို့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ စေတီတော်ရင်ပြင်တော်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ၊ အာရုံခံတန်ဆောင်းများအတွင်းမှ ရုပ်ပွားတော်များအား ရောင်တော်ဖွင့်ခြင်း၊ စေတီပုထိုးများဝန်းကျင်တို့၌ အမှိုက်သရိုက်များရှင်းလင်းခြင်း၊ နန်းခဲရပ်ကွက်ရှိ မြကျွန်းသာပန်းခြံအတွင်း၌ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို အင်အား(၂၅၀) ကျော်ခန့်ဖြင့် တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
သထုံမြို့နယ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံလမ်းညွှန်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတိုအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျှက်ရှိပြီး စေတီပုထိုးများ၊ မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊ စာသင်ကျောင်း၊ ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
နဒီ
https://t.me/MyanmarNationalPost
No comments:
Post a Comment