သဘာဝကျသော ဆောင်ရွက်ချက်များ နှင့် သဘာဝလွန် ဆောင်ရွက်ချက်များ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဘာဝကျသော ဆောင်ရွက်ချက်များ နှင့် သဘာဝလွန် ဆောင်ရွက်ချက်များ



မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး စတင်ကျင်းပနေပြီဖြစ်ပါတယ်။ ယမန်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းမှာလည်း ၂၀၁၆ ခုနှစ်နောက်ပိုင်း ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ယခု ၂၀၂၂ မှ ပြန်လည်ကျင်းပနိုင်ခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားပါတယ်။

၂၀၁၆ ခုနှစ် မှ ၂၀၂၀ ကာလဟာ NLD အစိုးရသက်တမ်းကာလ ဖြစ်ပါတယ်။ လူငယ်မျိုးဆက်သစ်တွေကို ဝါရင့်အနုပညာရှင်များက အဆို၊ အက၊ အရေး၊ အတီးနဲ့ ပတ်သက်လို့ လက်ဆင့်ကမ်း ပညာအမွေပေးနေတာကို နိုင်ငံတော်က တစ်ထောင့်တစ်နေရာကနေ အသိအမှတ်ပြုပေးခြင်းသဘောဖြစ်ပါတယ်။ ဒီလို ကျင်းပဆောင်ရွက်ပေးခြင်းအားဖြင့် အနုပညာရှင် လူငယ်မောင်မယ်တွေ ပေါ်ထွက်လာမယ်။ တခါ သူတို့တွေက ပြန်ပြီး လက်ဆင့်ကမ်းမယ်။ ဒီလိုနည်းနဲ့ပဲ လက်ဆင့်ကမ်း ထိန်းသိမ်းကြရတာ ဖြစ်ပါတယ်။ 

NLD အစိုးရလက်ထက်မှာ ယဉ်ကျေးမှုထွန်းကားအောင် တစ်ဖက်တစ်လမ်းကနေ မြေတောင်မြှောက်ပေးတဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲတွေကို ဘာကြောင့် ဖျက်ဆီးခဲ့တာလဲ။ မြန်မာ့ယဉ်ကျေးမှုမထွန်းကားအောင် ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခဲ့ခြင်း ဖြစ်တယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။ အနောက်တိုင်းမှာ ကျင်းပနေတဲ့ ပြိုင်ပွဲမျိုးစုံကို အတုခိုးပြီး ကျင်းပတဲ့ ပြိုင်ပွဲတွေ အားလုံးကိုတော့ ခွင့်ပြုပေးခဲ့ပါတယ်။

မြန်မာတွေရဲ့ ယဉ်ကျေးမှုကို စနစ်တကျ ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်အပေါ် တို့မြန်မာတွေ အသံမထွက်ခဲ့ကြပါဘူး။ လူထုခေါင်းဆောင်ကြီးကို မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာတွေကို မဖျက်ဆီးဖို့ မပြောဝံ့ခဲ့ကြပါဘူး။ မြန်မာတွေဟာ တော်တဲ့ နေရာအလွန်တော်ပြီး ချော်တဲ့နေရာကြတော့လည်း ဘာသာ သာသနာကို စော်ကားလည်း ခံတယ်။ ယဉ်ကျေးမှုအစဉ်အလာတွေကို ဖျက်ဆီးလည်း ပျော်ပျော်ပါပဲ ဆိုတဲ့ သဘောပေါ့ဗျာ။

နစက အစိုးရအနေနဲ့ ရှေးပဝေသဏီကတည်းက ကျင်းပခဲ့တဲ့ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲ ပြန်လည်ကျင်းပပေးတယ်။ အနုပညာရှင် အသိုင်းအဝိုင်းအတွက် လွန်စွာအထောက်အကူပြုပါတယ်။ မျိုးဆက်သစ် အနုပညာရှင် မောင်မယ်များအတွက် အဖိုးမဖြတ်နိုင်ပါဘူး။ အနုပညာနယ်ပယ်ထဲဝင်ဖို့ တံခါးပေါက်တစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ကြိုးစားရင် ကြိုးစားသလောက် ဒီပြိုင်ပွဲကြီးကနေ ဂုဏ်ပြုမှုရပြီး ပရိတ်သတ်များကြားမှာ အနုပညာလုပ်ငန်းနဲ့ ရပ်တည်ရှင်သန်နိုင်ရန်အထိ အကျိုးရှိပါတယ်။ NLD အစိုးရက စနစ်တကျ ဖျက်ဆီးခဲ့ပေမယ့်လည်း နိုင်ငံတော်တာဝန်ကို ခေတ္တတာဝန်ယူ ဆောင်ရွက်ရတဲ့ တပ်မတော်အနေနဲ့ ပြန်လည်ကျင်းပပေးတယ်။ NLD အစိုးရရဲ့ လမ်းစဉ်ကို မလိုက်တဲ့သဘောကို အထင်အရှား ပြသတဲ့ သဘောလည်း ဖြစ်ပါတယ်။

အမျိုးသားရေးကြွေးကြော်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ အမျိုးသားရေးရှုထောင့်ကနေ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကလည်း များမြောင်လှပါတယ်။ ဘာသာ သာသနာ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့တော့ နစကအစိုးရ ဟာ NLD အစိုးရရဲ့ လမ်းစဉ်နောက်ကို မလိုက်တာ သေချာပါတယ်။ သို့ပေသော် ပညာရေးနဲ့ ပတ်သက်လို့တော့ အခြေခံပညာရေးစနစ် ပြောင်းလဲမှုအပေါ် ဆရာတချို့ကလည်း NLD ရဲ့ လမ်းစဉ်ကို မလိုက်သင့်ကြောင်း ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ သို့ပေသော် နစကအနေနဲ့ ပညာရေးကိုတော့ မတို့မထိဘဲ NLD လမ်းစဉ်အတိုင်း သွားနေတာ ဘယ်လောက်အထိ နစ်နာသလဲ ဆိုတာလည်း ပြန်လည်သုံးသပ်သင့်ပါတယ်။

နောက်တစ်ချက်ကတော့ အကြမ်းဖက်လှုပ်ရှားမှုအပေါ် နစကရဲ့ မူဝါဒတွေက လုံခြုံရေးတာဝန်ထမ်းဆောင်နေသူတွေအတွက် အခက်တွေ့စေသလို ပြည်သူတွေအနေနဲ့လည်း လုံးဝမနှစ်မြို့တဲ့ သဘောကို တွေ့လာရပါတယ်။ NLD အစွန်းရောက်တွေကနေ အကြမ်းဖက်လမ်းစဉ်ပေါ် ရောက်လာသူတွေကို ဖမ်းဆီးရတယ်။ ပြီးတော့ ပြန်လွှတ်တယ်။ အောက်ခြေမှာ အကြမ်းဖက်သမားနဲ့ နပန်းလုံးနေရတဲ့ လုံခြုံရေးဝန်ထမ်းတွေရဲ့ အခက်အခဲကို ဘာမှ ထည့်မတွက်ဘဲ ကိုယ်ထင်ရာ လုပ်နေတဲ့ သဘောမျိုးဖြစ်ပါတယ်။ နစက ရဲ့ အဲဒီလို မပြတ်သားတဲ့ မူဝါဒကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေအပိုင်းမှာ အဂတိလိုက်စားမှုတွေ ဖြစ်လာပြီး အကြမ်းဖက်လှုပ်ရှားသူများနဲ့ ပတ်သက်လို့ တာဝန်သိပြည်သူများက သတင်းပေးလည်း အရေးမထားတော့ဘူး။ အကြမ်းဖက်သမား ဖမ်းမိလည်း ငွေကြေးနဲ့ ညှိနှိုင်းပြီး လွှတ်ပေးတာမျိုးတွေ ဖြစ်လာတဲ့အတွက် ပြည်သူတွေမှာ စိတ်အေးချမ်းသာ မနေရပါဘူး။ နေ့စဉ်လူမှုစီးပွားဘဝ လှုပ်ရှားမှုမှာ ဘယ်အချိန်များ အကြမ်းဖက်သမား လက်ချက်နဲ့ သေရမလဲ။ စားဝတ်နေရေးအတွက် အလုပ်ကလည်း မဖြစ်မနေလုပ်ရသေးတယ်။ အလုပ် မလုပ်ပြန်တော့လည်း စားစရာမရှိ။ သွားလာလှုပ်ရှားရတဲ့ အခြေအနေက အကြမ်းဖက်သမားအန္တရာယ်ကို ကြောက်နေရ။ အသက်နဲ့ရင်းပြီး ဝမ်းစာရှာနေကြရတဲ့ သဘောဖြစ်ပါတယ်။

အစိုးရတစ်ရပ်အနေနဲ့ ပြည်သူအားလုံးအပေါ်ကို မေတ္တာတရားနဲ့ ကာကွယ်စောင့်ရှောက်မှုပေးရမှာ မှန်ပါတယ်။ အကြမ်းဖက်လှုပ်ရှားသူတွေအပေါ် မေတ္တာလွန်ကြူးခြင်းကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ အတိဒုက္ခရောက်တာမျိုးလည်း မဖြစ်သင့်ပါဘူး။ တည်ဆဲဥပဒေများနဲ့အညီ ပြစ်မှုကျူးလွန်သူကို ကျူးလွန်သည့်အလျှောက် ဥပဒေနဲ့အညီ စီရင်ခြင်းကသာ အစိုးရကောင်းတစ်ရပ်လို့ ဆိုရမှာဖြစ်ပါတယ်။ 

အမျိုးဘာသာ သာသနာ နဲ့ ယဉ်ကျေးမှုအတွက် သဘာဝကျကျ ဆောင်ရွက်သလို အကြမ်းဖက်လှုပ်ရှားမှု နှိမ်နင်းဆောင်ရွက်ရေးမှာလည်း သဘာဝလွန် မေတ္တာထားခြင်းထက် ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ အရေးယူဆောင်ရွက်ခြင်းက တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ပိုပြီး မှန်ကန်တဲ့ လုပ်ရပ်ဖြစ်ပါလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)