MNP ၊ အောက်တိုဘာ ၁၉
ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့နယ် မြေငူကျွန်း(ခေါ်)အနောက်ဖရုံကာ ကျွန်းပေါ်ရှိ သမိုင်းဝင်ဆံတော်ရှင် စေတီတော်မြတ်၏ ဂေါပကအဖွဲ့ အသစ်ရွေးချယ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပေါက်တောမြို့ရှိ မြို့နယ်သာသနာ့ဗိမာန်တော်ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်၍ မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ မနော်သီရိဆရာတော်မှ ဩဝါဒကထာ မိန့်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင် က သမိုင်းဝင်ဆံတော်ရှင် စေတီတောမြတ်ကြီး၏ ဂေါပကအဖွဲ့ အသစ်များရွေးချယ်ဆောင်ရွက်မည့် ကိစ္စရပ်များကို ရှင်းလင်းဖတ်ကြားပြီး မြို့နယ်သာသနာရေးမှူး က ဆံတော်ရှင် ဂေါပကအဖွဲ့ ဖွဲ့စည်းမည့် စည်မျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ ယင်နောက် တက်ရောက်လာကြသူများက ဆံတော်ရှင် ဂေါပကအဖွဲ့ အသစ်ကို မဲစနစ်ဖြင့်ရွေးချယ်ကြသည်။
ဆက်လက်၍ ဆံတော်ရှင် ဂေါပကအဖွဲ့ အသစ် ဥက္ကဋ္ဌ ဦးရွှေဖော်သူ က ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များအား ရှင်းလင်းတင်ပြပြီး မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ မနော်သီရိဆရာတော်မှ နိဂုံးချုပ် ဩဝါဒက ထာမိန့်ကြားကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်ကြ ကြောင်းသိရသည်။
ဆံတော်ရှင်ဘုရားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း နတ်တော်လဆန်း ၉ ရက်မှ နတ်တော်လဆုဆ် ၁ ရက် အထိ ကျင်းပခြင်းဖြစ်ပြီး ယင်းပွဲတော်ရက်များအတွင်း ဘုရာပွဲသို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးများ သင်္ဘော၊အမြန်ယာဉ်၊ စက်လှေများဖြင့် လာရောက်ကြ၍ အထူးစည်ကားသော ဘုရားပွဲဖြစ်ကြောင်း၊ ဆံတော်ရှင် ဘုရားသည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြေငူကျွန်းတွင် တည်ရှိပြီး မဟာသက္ကရာဇ် ၁၂၃ ကဆုန်လတွင် ဘုရင်စန္ဒသူရိယမင်း ပင့်ဖိတ်မှုကြောင့် ဓညဝတီရခိုင်ပြည်နယ်သို့ ဂေါတမမြတ်စွာဘုရာ ကြွရောက်ချီ၍ မဟာမုနိကိုယ်စားတော်မြတ်ကို သွန်းလုပ်ပြီးနောက် ဒွါရဝတီသို့ကြွချီရာ မြေငူကျွန်းအရောက် နီလပဗ္ဗတတောင်တွင် ခရီးတစ်ထောင့်နားချိန် နဂါးမင်းများလျှောက်တင်ချက်အရ ဆံတော်မြတ်ကို ပေးသနား၍ နဂါးမင်းတည်ထားခဲ့ခြင်းဖြစ်ကြောင်း ဘုရားသမိုင်း အရ သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment