နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား




MNP ၊ အောက်တိုဘာ ၅

အမျိုးသားမြေအသုံးချမှုကောင်စီ တတိယအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲ ၂နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားမြေအသုံးချမှုကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒေါက်တာသီတာဦး၊‌ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဦးခင်မောင်ရီ၊ ဦးသောင်းဟန်၊ ဦးမျိုးမြင့်ဦးနှင့် ဦးရွှေလေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများတက်ရောက်ကြပြီး အမျိုးသားမြေအသုံး ချမှုကောင်စီဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားမြေအသုံးချမှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က အမှာစကားပြောကြားရာတွင် ယနေ့အစည်း အဝေးသည် အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် ခြေခံမူများကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ မြေအသုံးချမှု မူဝါဒနှင့် သက်ဆိုင်သော ဥပဒေများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဖွဲ့စည်း ခဲ့သည့် “အမျိုးသားမြေ အသုံးချမှုကောင်စီ” ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးဖြစ်ပြီး ယခင် ဒုတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များ၊ ကောင်စီ၏ လုပ်ငန်းတာဝန်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ညှိနှိုင်း ဆွေးနွေးရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း။

မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည် (၂၆၁၂၂၈) စတုရန်းမိုင်ခန့် ကျယ်ဝန်းပြီး အရှေ့တောင်အာရှဒေသအတွင်း ဧရိယာအကျယ်အဝန်း ဒုတိယအကျယ်ဆုံးဖြစ်ကြောင်း၊ မြေသယံဇာတနှင့်ရေသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းအတွက် သင့်လျော်ကောင်းမွန်သည့် ရာသီဥတုအခြေအနေနှင့် ပြည့်စုံသည့် နိုင်ငံဖြစ်ကြောင်း။

မြေသယံဇာတအရင်းအမြစ်များသည် လူသားများ၊ လူမှုအသိုင်းအဝိုင်းများဖြစ်တည်မှု အတွက် မရှိမဖြစ်လိုအပ်သည့်အခြေခံအကျဆုံး သဘာဝသယံဇာတအရင်းအမြစ်များ ဖြစ်သော်လည်း အခြားသယံဇာတ အရင်းအမြစ်များနှင့်မတူသည့်အချက်မှာ တိုးပွားအောင် လုပ်၍မရဘဲ အကန့်အသတ်ရှိသည့် သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သည် ဆိုသည် ကို သတိပြုရမည်ဖြစ်ကြောင်း။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့၏ ခန့်မှန်းချက်အရ ကမ္ဘာ့လူဦးရေတိုးပွား လာမှုနှင့် မြေဆီလွှာယိုယွင်းပျက်စီးမှု တို့ကြောင် ၂၀၂၀ ခုနှစ်တွင် လူတစ်ဦး စိုက်ပျိုးလုပ်ကိုင် နိုင်သည့် မြေဧရိယာ ၀ ဒဿမ ၁၈ ဟက်တာခန့်သာ ရှိကြောင်း၊ အဆိုပါအခြေအနေကို ၁၉၆၀ ခုနှစ်နှင့်နှိုင်းယှဉ်လျှင် ထက်ဝက်ခန့်ကျဆင်းလာသည်ကို တွေ့ရမည်ဖြစ်ပြီး ၂၀၅၀ ခုနှစ်တွင် လက်ရှိထက် ထက်ဝက်ခန့်ထပ်မံကျဆင်းသွားမည်ဟု ခန့်မှန်းထားကြောင်း။

မြေသယံဇာတအရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံးသဘာဝ သယံဇာတအရင်းအမြစ်များဖြစ်ပြီး စားနပ်ရိက္ခာ၊ သန့်ရှင်းသောရေနှင့် ဇီဝမျိုးစုံမျိုးကွဲများ အပါအဝင်အခြားဂေဟစနစ် ဝန်ဆောင်မှုများကို မြေသယံဇာတအရင်းအမြစ်များက ထောက် ပံ့ပေးနေခြင်းဖြစ်ကြောင်း၊ မြေသယံဇာတ အရင်းအမြစ်များသည် လူသားများအတွက် အခြေခံအကျဆုံး သဘာဝသယံဇာတ အရင်းအမြစ်များဖြစ်သော်လည်း ကမ္ဘာကြီးပူနွေးမှုကို ဖြစ်ပေါ်စေသည့် မှန်လုံအိမ် ဓာတ်ငွေ့များထုတ်လွှတ်နိုင်သည့် အရင်းအမြစ်များလည်း ဖြစ်ကြောင်း။

Intergovernmental Panel on Climate Change- IPCC အစီရင်ခံစာအရ ၂၀၀၇ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း စိုက်ပျိုးရေး၊ သစ်တောနှင့် အခြားမြေအသုံးချမှု ပြောင်းလဲခြင်းကဏ္ဍမှ မှန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု စုစုပေါင်း၏ ၂၃ ရာခိုင်နှုန်း ထုတ်လွှတ်ခဲ့သည်ကို တွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ရာသီဥတုပြောင်းလဲလာခြင်း၏ ရိုက်ခတ်မှုဖြစ်သော ၂၀၀၈ ခုနှစ် သမိုင်းဝင် နာဂစ်မုန်တိုင်းအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းများ၌ နေ့စဉ်နှင့် နီးပါးအမျှ ရင်ဆိုင်ကြုံတွေ့နေရသည့် နိုင်ငံအနှံ့ အပြားရေလွှမ်းမိုးမှု၊ မြေပြိုမှု၊ အယ်လ်နီညို/ လာနီညာကဲ့သို့ အပူချိန်လွန်ကဲမှုနှင့် အအေးလှိုင်းဖြတ်သန်း ခံရခြင်းအစရှိသည့် ပြင်းထန်သော မိုးလေဝသဖြစ်စဉ်များကို နှစ်စဉ်ပိုမိုပြင်းထန်စွာ ခံစားလာနေရမှုနှင့် လူမှုစီးပွား ပျက်စီးဆုံးရှုံးရမှုများလည်း ကြုံတွေ့ဆဲ၊ ကြုံတွေ့လတ္တံ့ ဖြစ်ကြောင်း၊ ယခုကဲ့သို့သော သဘာဝလွန်ဘေး အန္တရာယ် များကြောင့် မိမိတို့နိုင်ငံသည် ၁၉၉၈ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို ထိခိုက်ခံစား လွယ်သည့် နိုင်ငံများအနက်တတိယအဆင့်တွင် ရပ်တည်နေခဲ့ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတု ပြောင်းလဲမှုလျှော့ချနိုင်ရေးနှင့် လိုက်လျောညီထွေဖြစ်စေရေး အတွက် မြေသယံဇာတအရင်းအမြစ်များကို စနစ်တကျစီမံ ခန့်ခွဲရန်လိုအပ်ကြောင်း။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက Agenda 2030 ဖြစ်သည့် ဖွံ့ဖြိုးမှုစီမံချက်ကို သဘောတူညီ လက်ခံခဲ့ကြောင်း၊ အဆိုပါ Agenda 2030တွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်(၁၇)ခု ပါဝင်ကြောင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်အများစုသည် မြေယာစီမံခန့်ခွဲမှုနှင့် ဆက်နွယ်နေပြီး ရည်မှန်းချက်အမှတ်စဉ် ၁၅သည် ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်များကို ကာကွယ်ထိန်းသိမ်းပြီး ရေရှည်တည်တံ့အောင် အသုံးပြုရေး၊ သစ်တောများ ရေရှည်တည်တံ့စေရန် စီမံ ခန့်ခွဲရေး နှင့် သဲကန္တာရဖြစ်ထွန်းမှု ပပျောက်စေရေး၊ မြေယာပြုန်းတီးယိုယွင်း ပျက်စီးမှု ရပ်တန့် စေရေးနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပြုန်းတီးမှု ရပ်တန့်စေရေးတို့ဖြစ်ပြီး မြေယာစီမံ ခန့်ခွဲမှုနှင့် အဓိကသက်ဆိုင်နေသည်ကို တွေ့ရ မည်ဖြစ်ကြောင်း။

ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသောဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(၂၀၁၈-၂၀၃၀ခုနှစ်)၏ မဟာဗျူဟာရည်မှန်းချက် ၅ အပိုဒ်ခွဲ ၅ တွင် သဘာဝအရင်း အမြစ်များ၏ အကျိုးအမြတ်များကို ပြည်သူအားလုံးရရှိခံစားစေရေးအတွက် မြေယာစီမံ ခန့်ခွဲမှုနှင့် သယံဇာတအခြေပြုလုပ်ငန်းများ၏ ရေရှည်တည်တံ့သည့် စီမံခန့်ခွဲမှုတို့ကို တိုးတက် ကောင်းမွန်အောင်ဆောင်ရွက်ရန်ဖော်ပြထားကြောင်း။

ထို့ကြောင့် မြန်မာနိုင်ငံ၌ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့်လိုက်လျောညီထွေဖြစ် စေရေး၊ Agenda 2030 ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုရည်မှန်းချက်များ ပြည့်မီစေရေးနှင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းပါ လုပ်ငန်းများကို အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် ရေရှည် တည်တံ့ပြီးစနစ်တကျကောင်းမွန်သည့် မြေယာစီမံခန့်ခွဲမှုစနစ်များပေါ်ထွန်းလာစေရေးသည် အထူးလိုအပ်လျက်ရှိကြောင်း။

နိုင်ငံ၏ မြေသယံဇာတများကို စဉ်ဆက်မပြတ်စီမံအုပ်ချုပ်အသုံးချနိုင်ရေးအတွက် လိုအပ်နေသည့် အမျိုးသားမြေအသုံးချမှု မူဝါဒကို ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလတွင် ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ကြောင်း၊ မူဝါဒရေးဆွဲရာတွင် ပြည်တွင်း၊ ပြည်ပပညာရှင်များ၊ ပြည်တွင်းအဖွဲ့ အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၏အကူအညီဖြင့်ရေးဆွဲခဲ့ပြီး နိုင်ငံတကာ စံနှုန်းများ နှင့်အညီ ကုလသမဂ္ဂက အတည်ပြုလက်ခံထားသည့် အမျိုးသားစားနပ်ရိက္ခာဖူလုံရေး အတွက် မြေယာ၊ သားငါးနှင့် သစ်တောများ၏ လုပ်ကိုင်ခွင့်စီမံခန့်ခွဲရာတွင် လိုက်နာသင့်သည့် လမ်းညွှန်ချက်များကို ကိုးကားရေးဆွဲဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း။

အမျိုးသားမြေအသုံးချမှုမူဝါဒ သတ်မှတ်ပြဋ္ဌာန်းနိုင်ခဲ့ခြင်းသည် မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် တိုးတက်မှုဟု ဆိုနိုင်သော်လည်း စနစ်တကျကောင်းမွန်သည့် မြေယာ စီမံခန့်ခွဲမှုများဖြစ်ပေါ်လာစေရေးအတွက် အတည်ပြုပြဋ္ဌာန်းခဲ့သည့် အမျိုးသား မြေအသုံးချမှု မူဝါဒကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း။

ယခုအခါ အမျိုးသားမြေအသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့် အခြေခံမူများကိုအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် မြေအသုံးချမှုမူဝါဒနှင့် သက်ဆိုင် သည့် ဥပဒေများကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသား မြေအသုံးချမှု ကောင်စီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၆ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၅၅/၂၀၂၁အရ လုပ်ငန်းတာဝန် (၁၀)ရပ်ဖြင့် ဖွဲ့စည်း ခဲ့ပြီးဖြစ်ကြောင်း။

အမျိုးသားမြေအသုံးချမှုကောင်စီအနေဖြင့် လုပ်ငန်းတာဝန်များကို ထိရောက် အောင်မြင်စွာအကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားမြေဥပဒေ ရေးဆွဲပြုစုရေး နှင့် မြေစီမံခန့်ခွဲမှု ဆိုင်ရာဥပဒေများသဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ မြန်မာနိုင်ငံအမျိုးသား မြေပုံစနစ်ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဖွဲ့စည်း ခြင်း၊ မြေအသုံးချမှုစီမံကိန်း ရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ဖွဲ့စည်း ခြင်း၊ စိုက်ပျိုးရေး ဖွံ့ဖြိုးမှုမဟာဗျူဟာ အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေး လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း၊ မြေအသုံးချမှုဆိုင်ရာနည်းပညာ အကြံပေးအဖွဲ့ ဖွဲ့စည်းခြင်းနှင့် အထောက်အကူပြု လုပ်ငန်းကော်မတီနှင့် အဖွဲ့များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုလုပ်ငန်းကော်မတီနှင့်အဖွဲ့များ၏ အတွင်းရေးမှူး များပါဝင်သော အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူးများအဖွဲ့ ဖွဲ့စည်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း။

၂၀၂၂ခုနှစ်၊ မတ်လ ၉ ရက်တွင်ကျင်းပခဲ့သည့် အမျိုးသားမြေအသုံးချမှုကောင်စီ ဒုတိယအကြိမ်အစည်းအဝေးတွင် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးကိစ္စရပ်နှင့် သက်ဆိုင် သည့် ဆုံးဖြတ်ချက်များ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီနှင့်သက်ဆိုင်သော ဆုံးဖြတ်ချက်များနှင့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်မြေအသုံးချမှုကော်မတီများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ပြည်ထောင်စုနယ်မြေ(နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တာဝန်ခံများကို အဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းရန်ဆိုသည့် ဆုံးဖြတ်ချက် ၈ ချက် ချမှတ်ခဲ့ကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်မှုများကို အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ခေါင်းဆောင်များက ရှင်းလင်းတင်ပြပေးကြရန်ဖြစ်ကြောင်း၊ ထို့အတူ သက်ဆိုင်ရာကောင်စီ အဖွဲ့ဝင်များအနေဖြင့် မြေအသုံးချမှုစီမံခန့်ခွဲရေးလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့်ညှိနှိုင်းပေါင်းစပ်ရန် လိုအပ်နေသည့် ကိစ္စရပ်များကို ပွင့်လင်းစွာ ရှင်းလင်း တင်ပြပေးကြရန် ဖြစ်ကြောင်း။

အမျိုးသားမြေအသုံးချမှုကောင်စီ လုပ်ငန်းတာဝန်များ အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍ အလိုက် ကြိုးပမ်းထမ်းဆောင်ကြရမည်ဖြစ်ကြောင်း။ သို့မှသာ မြန်မာနိုင်ငံ၏ အမျိုးသားမြေ အသုံးချမှုမူဝါဒပါ ရည်ရွယ်ချက်၊ လမ်းညွှန်ချက်နှင့် အခြေခံမူများကို အကောင်အထည် ဖော်နိုင်ရေးကောင်းမွန်သည့်မြေယာအုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုစနစ်များဖြစ်ပေါ်လာ စေရေး အတွက် အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်းပြောကြားသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီအတွင်းရေးမှူး သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ဒုတိယအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ(၁)ကိုယ်စား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ကလည်းကောင်း၊ မြေအသုံးချမှု စီမံကိန်းရေးဆွဲရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် ကလည်းကောင်း၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်ရေး ဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံ ကလည်းကောင်း၊ စိုက်ပျိုးရေးဖွံ့ဖြိုးမှု မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ကလည်းကောင်း၊ မြေအသုံးချမှုဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် သစ်တောဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင် ကလည်းကောင်း သက်ဆိုင်ရာ ကဏ္ဍများ အလိုက်လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။

ထို့နောက် အမျိုးသားမြေအသုံးချမှုကောင်စီဝင်များဖြစ်ကြသည့် ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက မြေယာသုံးစွဲမှုများ၊ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ မြေယာ စီမံခန့်ခွဲ ရေးဆောင်ရွက်နေမှုများ၊ အမျိုးသားမြေအသုံးချမှုကောင်စီမူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ အမျိုးသားမြေအသုံးချမှု ဥပဒေရေးဆွဲခြင်း ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်အကောင်အထည်ဖော်ရေးနှင့် အမျိုးသား မြေအသုံးချမှု ဥပဒေပေါ်ပေါက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်နေမှု ကိစ္စရပ်များ အပြင် ဝန်ကြီးဌာနအလိုက် မြေအသုံးချမှုနှင့်စပ်လျဉ်းသည့် စီမံခန့်ခွဲရေး လုပ်ငန်းများ ဆောင်ရွက် နေမှုအခြေ အနေများနှင့် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အလိုက် မြေစီမံ ခန့်ခွဲဆောင်ရွက်နေမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် က ပြန်လည်သုံးသပ် ဆွေးနွေးသည်။

ယင်းနောက် အမျိုးသားမြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)