ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပြ၊ သရုပ်ပြ ဆရာ၊ဆရာမ သစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲသို့ တက်ရောက်





MNP ၊ အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်တက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမသစ်လွင်များ ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် နည်းပြ၊ သရုပ်ပြ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ အခမ်းအနားအား ပုသိမ်တက္ကသိုလ် အထိမ်းအမှတ်သီချင်းဖြစ်သော “အလွမ်းမပြေတဲ့ ပုသိမ်တက္ကသိုလ်နန်းမြေ”သီချင်းဖြင့် နည်းပြ၊ သရုပ်ပြဆရာ၊ ဆရာမများက သီဆိုဖျော်ဖြေ၍ အခမ်းအနားအား ဖွင့်လှစ်ပေးသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်ပြီးသူများအနေဖြင့် အဆင့်မြင့်ပညာအဆင့် တက္ကသိုလ်များတွင် အထူးပြုဘာသာရပ်အသီးသီးအား လေ့လာသင်ယူရမည်ဖြစ်ရာ သင်ကြားရေးအတွက် နည်းပြ၊ သရုပ်ပြ သစ်လွင်ဆရာ၊ ဆရာမများ ခန့်အပ်နိုင်ခဲ့ပြီး မွမ်းမံသင်တန်းဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ယင်းသို့ဖွင့်လှစ်ခြင်းဖြင့် ကျောင်းသား ကျောင်းသူများကို ဘာသာရပ်အလိုက် ထိရောက်စွာ သင်ကြားပို့ချနိုင်မည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ပညာ သင်ကြားရာတွင် စာပေများ လေ့လာဆည်းပူးရင်း မိမိတို့ဝါသနာပါရာ အားကစားအလိုက် လေ့လာလိုက်စားခွင့်များလည်း ရှိနေမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်၊ ကောလိပ်များတွင် ခေတ်မီအားကစားကွင်းနှင့် အားကစားခန်းမများကို အဆင့်မြှင့်တင် တည်ဆောက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံအဆင့် လက်ရွေးစင် အားကစားသမားများကိုလည်း မွေးထုတ်မြှင့်တင်ပေးရမှာ ဖြစ်ပါကြောင်း၊ အနုပညာနှင့် ပတ်သက်၍လည်း မျိုးဆက်သစ် အနုပညာရှင်များကိုလည်း မွေးထုတ်ပေးကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေးသည် အဓိကကျပါကြောင်း” ပြောကြားသည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်က ပုသိမ်တက္ကသိုလ်တွင် ခန့်အပ်ခြင်းခံရသော နည်းပြ၊ သရုပ်ပြ သစ်လွင်ဆရာ၊ ဆရာများနှင့် ဘာသာရပ်အလိုက် မိတ်ဆက်ပေးခဲ့ပြီး နည်းပြ၊ သရုပ်ပြ (၇၄)ဦးအား ခန့်အပ်နိုင်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍    ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့၊ ရွှေခယ်သီရိအားကစားခန်းမ၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲအား ယနေ့ မွန်းလွဲပိုင်းကပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြသည်။


အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးအနေဖြင့် ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူးနှင့် တိုက်ရိုက်ဆွေးနွေးခွင့်ရမှာ ဖြစ်ပါကြောင်း၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအနေဖြင့် ကျောင်းတစ်ကျောင်းအား ဦးဆောင်ဉီးရွက်ပြုကြရသူများ ဖြစ်သဖြင့် စီမံခန့်ခွဲရေးသည်လည်း အရေးကြီးပါကြောင်း၊ ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ဆွေးနွေးကြရမည့် စီမံခန့်ခွဲမှု၊ သင်ကြားသင်ယူမှု၊ ဘဏ္ဍာရေးဆိုင်ရာ၊ စီမံကိန်းရေးဆွဲရေးဆိုင်ရာများအား လက်တွေ့ကျကျ ဆွေးနွေး၍ ရလဒ်ကောင်းများ ထွက်ပေါ်လာစေရေး၊ လက်တွေ့အသုံးချနိုင်ရေး ဆွေးနွေးဆောင်ရွက်ကြရန်လိုပါကြောင်း၊ အတန်းစဉ်ကူးပြောင်းရေး၊ ကျောင်းနေမြဲရေး၊ သင်ယူတတ်မြောက်စေရေး ဆရာကြီး၊ ဆရာမကြီးများက ဝိုင်းဝန်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ပြင်ပဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ အောင်မြင်စွာ ဖြေဆိုနိုင်ရေး အဘက်ဘက်မှ ကြိုးစားဆောင်ရွက်ကြရန်လိုပါကြောင်း၊ ဆရာကြီး ဆရာမကြီးများအနေဖြင့် ယခုလိုစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ပြီး တိုင်းဒေသကြီး ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရေး၊ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် အနာဂတ်ခေါင်းဆောင် လူငယ်လူရွယ်များ မွေးထုတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန်” ပြောကြားခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)