ပုဇွန်တောင်မြို့နယ်၌ သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) မဟာပဝါရဏာ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်၌ သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) မဟာပဝါရဏာ အခမ်းအနား ကျင်းပ




MNP - အောက်တိုဘာ  ၁၀


ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က ကြီးမှူး၍ ၁၃၈၄ ခုနှစ်၊ အဘိဓမ္မာအခါတော်နေ့ အခမ်းအနား၊ မဟာပဝါရဏာ အခမ်းအနား၊ ဝါတွင်းသီလခံယူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော်များ အောင်ပွဲရေစက်ချ အခမ်းအနားကို ရွှေဘုန်းပွင့်ဘုရားဝင်းအတွင်းရှိ သာသနဇောတိကဓမ္မာရုံ၌ ယမန်နေ့ နံနက်ပိုင်းမှ စတင် ကျင်းပခဲ့သည်။


အခမ်းအနားကို  ယမန်နေ့နံနက် ၅ နာရီ ၃၀ မိနစ်တွင် ရွှေဘုန်းပွင့်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များ၊ ဝန်ထမ်းများက ရွှေဘုန်းပွင့် စေတီတော် မြတ်ကြီးအား အာရုဏ် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ကြပြီး ဩဝါဒါစရိယ ဆရာတော်ကြီးများ အပါအဝင် သံဃာတော် (၃၁) ပါးနှင့် ကိုရင်(၄)ပါးတို့အား အာရုဏ်ဆွမ်း ဆပ်ကပ်လှူဒါန်း ခဲ့ကြသည်။


ဆက်လက်၍ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ဝါတွင်းသီလခံယူပွဲကို ကျင်းပခဲ့ရာ ဘဏ္ဍတော်ထိန်း ဂေါပက အဖွဲ့ဝင်များ၊ ဗုဒ္ဓဝေယျာဝစ္စ အသင်းအဖွဲ့များ၊ ဝန်ထမ်းများနှင့် ဘုရားဖူးပြည်သူများမှ သီရိမင်္ဂလာ စံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ နဝင်္ဂသီလ ခံယူဆောက်တည် ကြသည်။


ထို့နောက် နေ့လယ် ၃ နာရီတွင် ပဝါရဏာပွဲကို ဆောင်ရွက်ခဲ့ရာ အခမ်းအနားကို “နမောတဿ” သုံးကြိမ် ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး သီရိမင်္ဂလာစံ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဉာဏိဿရ ထံမှ နဝင်္ဂသီလခံယူ ဆောက်တည်ကြပြီးနောက် ဝါဆို၊ ဝါကပ်ကြသော သံဃာတော် ၃၅ ပါးတို့က သိမ်အတွင်း သိက္ခာတော်၊ ဝါတော်အကြီးဆုံးဖြစ်သော ဆရာတော်ကြီးထံ ပဝါရဏာပြုကြပြီး ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များက ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။


ယင်းနောက် သီရိမင်္ဂလာစံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဉာဏိဿရထံမှ ဝါတွင်းကာလ တစ်လျှောက် ပြုခဲ့သော ကုသိုလ်ကောင်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေး ဝေခဲ့ကြသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - ဟန်စုယဉ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)