တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပ

 


MNP - အောက်တိုဘာ   ၁၃


ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသား ပြည်သူလူထုများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲညနေပိုင်းက ဟွေကြိမ်ကျေးရွာအုပ်စု၌ ကျင်းပပြုလုပ်ခဲ့သည်။


ပြည်သူလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၁) ဗိုလ်မှူးနေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအမ်ဇော်နော်၊ ဦးစိုင်းခမ်းမန်တို့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှု‌ရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားကြသည်။


ယင်းနောက် မြို့နယ်ဥပဒေရုံး၊ မြို့နယ်စီမံကိန်းဌာန၊ မြို့နယ်အခွန်ဦးစီးဌာန၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လမ်းဦးစီးဌာန၊ လျှပ်စစ်ဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်သမဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပြည်သူလူထုအတွက် ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြကြောင်းနှင့် ဒေသခံပြည်သူလူထုတို့၏ တင်ပြချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။


ယင်းအပြင် မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများက ဒေသခံပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးကိုလည်း ဆောင်ရွက်ထိုးနှံပေးခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာအကြောင်းတို့ကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။          


သတင်း - မင်းလွင်ဦး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)