MNP - အောက်တိုဘာ ၁၈
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲရုံအရေအတွက် လျာထားသတ်မှတ်ခြင်းဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိသူများအနေဖြင့် မဲပေးရန်အတွက် မဲစာရင်း မှာပါဝင်ရမှာ ဖြစ်သလို နိုင်ငံသားစိစစ်ရေးကတ်နှင့် ပုံစံ(၆၆/၆)ရှိသူများသာ ဆန္ဒမဲပေး နိုင်မှာဖြစ်တဲ့အတွက် နိုင်ငံသား စိစစ်ရေးကတ်နှင့် ပုံစံ ၆၆/၆ ရရှိအောင် ဆောင်ရွက်ထားကြဖို့ လိုအပ်ကြောင်း၊ ဒါကြောင့် လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်များဖြင့် အသက်အရွယ် ပြည့်မီသူတိုင်းကို နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးနေခြင်းဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးရာမှာ လူဦးရေစာရင်းမှန်ကန်တိကျဖို့လဲ လိုအပ် ကြောင်း ရှင်းလင်းပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းမှ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသား ပြုခွင့်ရသူများအား ဥပဒေနှင့် အညီ ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ညှိနှိုင်းရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်လွင်ဦးက မဲစာရင်းများ ပြည့်စုံမှန်ကန်မှုရှိရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။
တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိက လူဦးရေစာရင်းပြင်ဆင်ဖြည့်စွက်ခြင်းကိစ္စရပ်များနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံများလျာထားဆောင်ရွက် ထားရှိမှုများကို ပရိုဂျက်တာဖြင့် ရှင်းလင်း ဆွေးနွေးတင်ပြသည်။ အစီအစဉ် ဒုတိယပိုင်းတွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်းနှင့် ငပုတောမြို့နယ် ရွေးကောက်ပွဲအရာရှိတို့မှ ခရိုင်နှင့်မြို့နယ်များတွင် မဲရုံများလျာထားသတ်မှတ် ခြင်းဆိုင်ရာ ကိစ္စရပ်များကို power point ဖြင့် ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တိုင်းတာဝန်ခံ ဦးသန်းထွန်းမှ နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဧရာဝတီတိုင်းဒေသကြီး တိုင်းတာဝန်ခံ ဦးသန်းထွန်း၊ အဖွဲ့ဝင် ဦးအောင်လွင်ဦး၊ တိုင်း/ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲ အရာရှိများ၊ သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်စာရေးများ တက်ရောက်ကြသည်။
သတင်း - မြင့်ဟန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment