MNP - အောက်တိုဘာ ၂၀
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကိုအကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန် ရည်ရွယ်၍ ပညာရေးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းရှိ ခရေဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးဒေါ်မိုးမာလာသိန်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေအေးက “အားကစား”ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကို အသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာအနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်နှင့် စာပေရေးရာသိမှတ်ဖွယ်ရာများကို ဟောပြောခဲ့သည်။
အဆိုပါဟောပြောပွဲအခမ်းအနားသို့ မြို့နယ်ဘောလုံးအသင်းဥက္ကဋ္ဌဦးကျော်ကျောမိုးမှ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူခြင်း၊ ကျောင်းသား၊ ကျောင်းသူများက Fitness Dance၊ မြန်မာသိုင်းအားကစားနည်းတို့ဖြင့် သရုပ်ပြသပေးခဲ့ရာတက်ရောက်လာသော သက်ဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီးနောက် အခမ်းအနားသို့ ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်မိုး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၅၀)ဦးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - ဝင်းအိမွန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment