တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိသည်ဖြစ်သဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းပြည်၏အားသည် ပြည်တွင်း၌သာရှိသည်ဖြစ်သဖြင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းရမည်






MNP ၊ အောက်တိုဘာ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမ၌ တွေ့ဆုံ၍ ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားသည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးဝင်းရှိန်၊ ဒေါက်တာကံဇော်၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာချာလီသန်း၊ ဦးအောင်နိုင်ဦးနှင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မွန်ပြည်နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များ တက်ရောက်ကြသည်။


ပြည်နယ်အတွင်း MSME လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များအား တစ်ဦးချင်း တင်ပြဆွေးနွေး


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပြည်နယ်အတွင်းရှိ စက်မှုဇုန်များနှင့် စက်မှုဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများကို ရှင်းလင်း တင်ပြသည်။


ထို့နောက် မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်၊ ပြည်နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးခိုင်ဦး၊ ပြည်နယ်ရော်ဘာစိုက်ပျိုးထုတ် လုပ်သူများအသင်းကိုယ်စား ဦးဟန်ထွန်းဇော်၊ ပြည်နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မော်လမြိုင်ဇုန်ဟိုတယ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချန်ထွန်းနှင့် တက်ရောက်လာကြသူများ က ရော်ဘာလုပ်ငန်းပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးစေလိုမှု၊ ဆားလုပ်ငန်းဆောင်ရွက်ရာတွင် စက်မောင်းဆီသုံးစွဲမှုများ လျှော့ချနိုင်ရေးအတွက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဖြင့် အစားထိုးသုံးစွဲနိုင်ရေး၊ ပြည်နယ်မှထွက်ရှိသည့်ဆားကို ပြည်ပသို့တင်ပို့နိုင်ရေးနှင့် ပြည်တွင်း၌ အဆင့်မြင့်ဆားများထုတ်လုပ်နိုင်ရေး နိုင်ငံတော်မှ လိုအပ်သည်များ ကူညီပံ့ပိုးပေးစေလိုမှု၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ရေလုံလောက်စွာရရှိရေး မြစ်ရေတင်စီမံကိန်းဆောင်ရွက်ပေးစေလိုမှု၊ ရော်ဘာထွက်ဒေသများနှင့် မွန်ပြည်နယ်မှထွက်ရှိ သည့် ရော်ဘာထုတ်ကုန်များကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ရန်အတွက် အရည်အသွေးမြင့် ထုတ်ကုန်များအဖြစ် ထုတ်လုပ်နေမှု၊ ငါးမွေးမြူရေးလုပ်ငန်းများအတွက် အရင်းမပျောက် မတည်ချေးငွေများလိုအပ်လျက်ရှိမှု၊ ဒေသတွင်းခရီးသွားလုပ်ငန်းများတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ဆောက်လုပ်ရေးသုံးပစ္စည်းများ ဈေးနှုန်းသက်သာစွာဖြင့် ရရှိရန်လိုအပ်မှု၊ မော်လမြိုင်စက်မှုဇုန်ရှိ လုပ်ငန်းရှင်များအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေများရရှိလိုမှု၊ သံရည်ကျိုလုပ်ငန်းများအတွက် လိုအပ်သည့်ကုန်ကြမ်းများကို ဈေးနှုန်းသက်သာစွာဖြင့်ရရှိလိုမှု၊ ယက်ကန်းလုပ်ငန်းများအတွက် မတည်ချေးငွေများလိုအပ်လျက်ရှိမှု၊ သတ္တုထုတ်လုပ်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းသတ္တုများ လိုအပ်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြ ကြသည်။


သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေး


ဆက်လက်ပြီး လုပ်ငန်းရှင်များ၏ တစ်ဦးချင်းရှင်းလင်းတင်ပြမှုများနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးများက ဝန်ကြီးဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပေးကြပြီး ဝန်ကြီးဌာနအလိုက် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိမှု၊ မွန်ပြည်နယ်အနေဖြင့် စက်မှုလက်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းတို့တွင် အောင်မြင်စွာလုပ်ဆောင်နိုင်မည့် အခြေအနေများစွာရှိသည့်အတွက် ယခုထက် ဒေသတွင်းစီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်စေလိုမှုနှင့် လိုအပ်သည်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ အကူအညီရယူဆောင်ရွက်နိုင်မှု၊ စီးပွားရေးလုပ်ငန်းများအတွက် နိုင်ငံတော်မှချေးငွေများကို ကာလအပိုင်းအခြားအလိုက် အတိုးနှုန်းသက်သာစွာဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး တင်ပြချက်များတွင်ပါဝင်သည့် ချေးငွေရယူလိုမှုအပေါ် သတ်မှတ်ချက်နှင့်အညီခွင့်ပြုပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည့် အခြေအနေများ၊ ချေးငွေများ ပြန်လည်ရရှိမှသာလျင် နိုင်ငံတော်၏ လည်ပတ်သုံးစွဲငွေများ ပြန်လည်ရရှိမည်ဖြစ်ပြီး စီးပွားရေးကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရယူထားသည့် ချေးငွေများကို သတ်မှတ်ကာလအတွင်း အချိန်မီပြန်လည်ပေးဆပ်ရန် လိုအပ်မှု၊ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအစုအဖွဲ့များဖွဲ့စည်း၍ လိုအပ်သည်များ ကူညီပံ့ပိုး ပေးလျက်ရှိမှု၊ စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် သမဝါယမ အသင်းအဖွဲ့များဖွဲ့စည်း၍ Contract Farming စနစ်ဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးကာ စိုက်ပျိုးရေးတောင်သူများ၏ လိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်လျက်ရှိမှု၊ စက်မှုနည်းပညာများနှင့်ပတ်သက်၍ နည်းပညာလိုအပ်ချက်များရရှိစေရေး ဆောင်ရွက်ပေးလျက်ရှိမှု၊ ပို့ကုန်လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိမှု စသည်တို့နှင့်ပတ်သက်၍ အသီးသီးပြန်လည်ဆွေးနွေးပြောကြားကြသည်။


စီးပွားရေးမောင်းနှင်အားကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်


ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်ခုသည် စီးပွားရေးမောင်းနှင်အား၊ နိုင်ငံရေးအားနှင့် ကာကွယ်ရေးစွမ်းအားကောင်းရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အား ကောင်းမွန်ပါက နိုင်ငံရေးနှင့် ကာကွယ်ရေးစွမ်းအားများသည်လည်း ကောင်းမွန်လာမည်ဖြစ်ပြီး အင်အားကောင်းသည့် နိုင်ငံတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးပြီး စီးပွားရေးအားကောင်းသည့် နိုင်ငံများရှိသကဲ့သို့ အခြားနိုင်ငံရေးစနစ်များကိုကျင့်သုံး၍ စီးပွားရေးအားကောင်းလျက်ရှိသည့် နိုင်ငံများလည်းရှိကြောင်း၊ နိုင်ငံအတွင်းရှိ သယံဇာတပစ္စည်းများနှင့် အရံငွေများရှိခြင်းကြောင့် ကာကွယ်ရေးစွမ်းပကားများကို မြှင့်တင်ဆောင်ရွက်ကြသည်များလည်းရှိကြကြောင်း၊ စီးပွားရေးအားကောင်းသည့် နိုင်ငံများတွင်ပင် နိုင်ငံရေးပြဿနာများကြောင့် ဆူပူမှုများ ဖြစ်ပေါ်နိုင်ပြီး အစိုးရအပေါ်တွင် မကျေနပ်မှုများဖြစ်ပေါ်ကြကြောင်း၊ ပြည်သူများတွင် လိုအပ်ချက်များဖြစ်ပေါ်လာသည့်အချိန်တွင် တိုင်းပြည်ဆူပူမှုများဖြစ်ပေါ်တတ်ကြောင်း၊ မိမိတို့နိုင်ငံတွင်လည်း ယခင်က စီးပွားရေးကျဆင်းမှုများကြောင့် ဆန်၊ စပါး အရေးအခင်းများ ဖြစ်ပေါ်၍ ဆူပူမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ၁၉၈၈ ခုနှစ်တွင်လည်း စီးပွားရေးကျဆင်းမှုနှင့် နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုများကြောင့် ဆူပူမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအရတည်ငြိမ်ရန်အတွက် စီးပွားရေးကောင်းမွန်ရန်အရေးကြီးကြောင်း။


စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက်


မိမိတို့နိုင်ငံသည် အခြေခံကောင်းများရှိပြီးဖြစ်သဖြင့် စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်း၊ တိုင်းပြည်၏အားသည် ပြည်တွင်းမှာသာရှိသည်ဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ပြည်တွင်းကုန်ထုတ်လုပ်မှုများကို ဦးစားပေးဆောင်ရွက် နေခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် ပြည်တွင်းစီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်ပြီး မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အများဆုံးဆောင်ရွက်ကြ သည်ဖြစ်သဖြင့် ၎င်းကိုအခြေခံ၍ စီးပွားရေးကိုဆောင်ရွက်ပါက မလွဲမသွေအောင်မြင်မည် ဖြစ်သည်ဟုယုံကြည်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်ဈေးနှုန်းများ မြင့်တက်ခဲ့သော်လည်း မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးနိုင်ငံဖြစ်သဖြင့် စားသောက်ကုန်များ ပြတ်လတ်မှုမရှိခဲ့ကြောင်း။


စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ၌ပင် MSME လုပ်ငန်းများသည် စက်မှုကဏ္ဍ၏ဝင်ငွေတွင် ၉၀ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းတွင်လည်း MSME လုပ်ငန်းများ သည် အရေးပါဆုံးအခန်းကဏ္ဍတွင်ပါဝင်သဖြင့် အားပေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် များစွာအကျိုးဖြစ်ထွန်းစေကြောင်း၊ ပြည်တွင်း၌လိုအပ်သည်များကို ပြည်တွင်း၌ထုတ်လုပ် နိုင်ခြင်းဖြင့် ပစ္စည်းဈေးနှုန်းကြီးမြင့်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အားပေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ MSME လုပ်ငန်းတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်မှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းဟူ၍ လေးမျိုးရှိပြီး မိမိတို့အနေဖြင့် ကုန်ထုတ်လုပ်မှုကို အဓိအား အားပေးကြောင်း၊ ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတမှု၊ ပစ္စည်းရှားပါးမှုများကြောင့် ကုန်ဈေးနှုန်းကြီးမြင့်မှုများကို ဖြစ်စေနိုင်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုကို လုံလောက်စွာဆောင်ရွက်နိုင်မည်ဆိုပါက ဝယ်လိုအားနှင့် ရောင်းလိုအားမျှတလာမည် ဖြစ်သဖြင့် ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျော့ကျလာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်းလိုအပ်သည့် ကုန်ပစ္စည်းများ ထိုက်သင့်သည့်ဈေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရန်လိုကြောင်း၊ ပြည်ပအစားထိုးသွင်းကုန်များကို မိမိနိုင်ငံအတွင်း၌ အရည်အသွေးမီထုတ်လုပ်ခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်းများကို ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမည်ဖြစ်ကြောင်း။


စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ၊ သယံဇာတကုန်ကြမ်းများကို အကျိုးရှိရှိအသုံးချနိုင်ရမည်


ကုန်ထုတ်လုပ်မှုများဆောင်ရွက်ရာတွင် ပြည်နယ်အတွင်းနှင့် ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဓိကအသုံးပြုနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများမှထွက်ရှိလာသည့် ကုန်ကြမ်းများ၊ မြေပေါ်မြေအောက် သယံဇာတပစ္စည်း ကုန်ကြမ်းများကို အသုံးပြုနိုင်မည်ဆိုပါက များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း၊ မွန်ပြည်နယ်အတွင်း စပါးစိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံမြေများစိုက်ပျိုးခြင်းနှင့် အခြားဆီထွက်သီးနှံ နှင့် ရာဘာစသည့် စက်မှုထွက်ကုန်များရှိကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များကိုအခြေခံသည့် ထုတ်ကုန်များကို များစွာထုတ်လုပ်နိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများ စိုက်ပျိုးနိုင်ရန်လိုကြောင်း၊ မိမိတို့နိုင်ငံအနှံ့အပြားတွင် စပါးမျိုးကွဲများ များစွာစိုက်ပျိုးကြပြီး မျိုးမှန်မျိုးသန့်ရန်နှင့် မျိုးကွဲနည်းအောင် စိုက်ပျိုးကြရန်လို ကြောင်း၊ မွန်ပြည်နယ်အတွင်း စပါးအထွက်နှုန်းမှာ ပန်းတိုင်ရည်မှန်းချက်ထက် နည်းပါးသဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အထွက်နှုန်းများ တိုးတက်ကောင်းမွန်လာမည်ဆိုပါက ဒေသစားသုံးမှုဖူလုံသည့်အပြင် အခြားဒေသများနှင့် ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်ကြောင်း။


မော်လမြိုင်ဒေသတွင်း စိုက်ပျိုးရေးထုတ်ကုန်များကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ယခုထက်ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ရာဘာစိုက်ပျိုးမှုများတွင် လည်း ရာဘာအထွက်နှုန်းများ ယခုထက်တိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မွန်ပြည်နယ်အတွင်း ကျွဲနှင့် နွားမွေးမြူမှုများလည်းရှိသဖြင့် အဆိုပါလုပ်ငန်းများမှတစ်ဆင့် သားရေထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်၍ရကြောင်း၊ ၎င်းမှ ဖိနပ်ထုတ်လုပ်ခြင်း လုပ်ငန်းများကိုဆောင်ရွက်၍ တစ်နိုင်ငံလုံးဈေးကွက်ကို ဖြန့်ဖြူးနိုင်သည်အထိ ရည်မှန်းလုပ်ဆောင်ရန်လိုကြောင်း၊ ရာဘာလုပ်ငန်းများမှ ပြည်တွင်းလိုအပ်ချက်ရှိသည့် မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များအတွက် တာယာများထုတ်လုပ်နိုင်မည်ဆိုပါက အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလည်း လိုအပ်သည့်ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။


မော်လမြိုင်တွင် ယခင်က ပင်လယ်ဆိပ်ကမ်းရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုအသုံးပြုမှုမရှိကြောင်း၊ မော်လမြိုင်ဒေသတွင် ပင်လယ်ဆိပ်ကမ်းတစ်ခု တည်ဆောက်နိုင်ရေးအတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ မော်လမြိုင်ဒေသတွင် အပြည်ပြည်ဆိုင်ရာလေဆိပ်တည်ဆောက်နိုင်ရေးအတွက် စီမံဆောင်ရွက် လျက်ရှိကြောင်း၊ နောင်တစ်ချိန်တွင် မော်လမြိုင်ဒေသသို့ ခရီးသွားများဝင်ရောက်မှု ပိုမိုအားကောင်းလာစေရန်နှင့် လေကြောင်းမှကုန်စည်စီးဆင်းမှုများကို မြှင့်တင်ဆောင်ရွက် နိုင်ရန် ရည်ရွယ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။


မွန်ပြည်နယ်သည် သစ်၊ ဝါးပေါများသည့် ဒေသဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စက္ကူများလိုအပ်ချက်ရှိသဖြင့် ပြည်ပမှတင်သွင်းနေရကြောင်း၊ သစ်နှင့်ဝါးများကိုစိုက်ပျိုး၍ ပျော့ဖတ်စက္ကူထုတ်လုပ်ခြင်းနှင့် ဝါးကိုအခြေခံသည့် ကုန်ထုတ်လုပ်ခြင်းလုပ်ငန်း များဆောင်ရွက်၍ရကြောင်း၊ မြေလွတ်မြေရိုင်းများပေါ်တွင် သစ်နှင့်ဝါးစိုက်ပျိုးခြင်းများကို အမှန်တကယ်ဆောင်ရွက်မည်ဆိုပါက နိုင်ငံတော်အနေဖြင့် သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုပေးမည်ဖြစ်ကြောင်း၊ အလားတူ လယ်ယာစိုက်ပျိုးမြေများကိုလည်း ထိန်းသိမ်းဆောင် ရွက်ရန်လိုကြောင်း၊ ဥယျာဉ်ခြံမြေများကိုလည်း မိရိုးဖလာစိုက်ပျိုးခြင်းထက် ခေတ်မီသည့် နည်းပညာများကိုအသုံးပြု၍ အသီးအနှံများ အထွက်နှုန်းတိုးတက်ကောင်းမွန်သည့်မျိုးများကို စိုက်ပျိုးထုတ်လုပ်နိုင်ရန်လိုကြောင်း၊ ထုတ်လုပ်မှုများဆောင်ရွက်ရာတွင်လည်း အရည်အသွေးကောင်းမွန်ရန်နှင့် ထုပ်ပိုးမှုစနစ်များကောင်းမွန်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက လူများစိတ်ဝင်စားမှုရှိလာပြီး ထုတ်ကုန်များဈေးနှုန်းရရှိ၍ ရောင်းအားများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ဥယျာဉ်ခြံမြေသီးနှံများမှ ကုန်ထုတ်လုပ်ငန်းများကို ဆောင်ရွက်နိုင်ကြောင်း။


လောင်စာဆီသုံးစွဲမှုလျှော့ချရေးနှင့် လျှပ်စစ်ဓာတ်အားဖူလုံစွာရရှိရေး


ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကြမ်း၊ လောင်စာဆီ၊ လျှပ်စစ်စွမ်းအား တို့ကိုလိုအပ်ကြောင်း၊ မိမိတို့နိုင်ငံတွင် လျှပ်စစ်စီမံကိန်းများ များစွာစီမံဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့်ခဲ့ရကြောင်း၊ ထို့ကြောင့် ပြည်တွင်းလျှပ်စစ်ဓာတ်အား လိုအပ်ချက်များရှိသလို တစ်ဖက်မှ လောင်စာဆီနှင့်ဂတ်စ်များ ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ လက်ရှိအချိန်တွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင်လည်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ် အားထုတ်လုပ်ခြင်းလုပ်ငန်းများကို ကာလတစ်ခုဆောင်ရွက်၍ရကြောင်း၊ စက်ရုံအလုပ်ရုံ များအနေဖြင့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားများကို အသုံးပြုဆောင်ရွက်မည် ဆိုပါက ကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားများထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အချို့နိုင်ငံများတွင် စက်သုံးဆီများချွေတာရေးအတွက် Electric vehicle လျှပ်စစ်စွမ်းအင်သုံးယာဉ်များကို အသုံးပြု၍ အများပြည်သူသယ်ယူပို့ဆောင်ရေးများကို အသုံးပြုလျက်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားအသုံးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ်အသုံးပြုလျက်ရှိသည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များအတွက် လိုအပ်သည့် လောင်စာဆီများကို ပြည်ပမှ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲကုန်ကျမှုများရှိကြောင်း၊ ထို့ကြောင့် လောင်စာဆီကိုချွေတာနိုင်သည့် လျှပ်စစ်ဓာတ်အားအသုံးပြုသည့် သယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်မှန်းချက်ထား ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်မည်ဆိုပါက လောင်စာဆီများအတွက် ကုန်ကျစရိတ်များ များစွာလျော့နည်းသွားမည်ဆိုပါက နိုင်ငံတော်အတွက် များစွာအကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်း။


ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးဆောင်ရွက်


ယခင်က ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးမှုမရှိခဲ့ဘဲ ပြည်ပမှသာ တင်သွင်းသုံးစွဲခဲ့မှုများကြောင့် ပြည်တွင်း၌ လိုအပ်ချက်များဖြစ်ပေါ်ခဲ့ကြောင်း၊ ပြည်တွင်း၌ ထုတ်လုပ်၍ရသည့် အခြေခံသုံးကုန်၊ စားကုန်ပစ္စည်းများကို ပြည်ပမှတင်သွင်းမှုများ လျှော့ချနိုင်ရန်အတွက် မိမိတို့အနေဖြင့်ဆောင်ရွက်လျက်ရှိပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ ပြည်ပမှတင်သွင်းမှုများကြောင့် နိုင်ငံခြားလိုငွေများ များစွာဖြစ်ပေါ်လျက်ရှိခြင်းကြောင့် ဖြစ်ကြောင်း၊ အလားတူ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်၍ စားကုန်၊ သောက်ကုန်နှင့် သုံးကုန်များအတွက် လုံလောက်စွာထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်ပမှသွင်းကုန်များ ထိန်းချုပ်ပေးမှုကြောင့် ပြည်တွင်းစက်မှုလုပ်ငန်းများ အားကောင်းလာပြီး အလုပ်အကိုင်များလည်းပေါများလာကြောင်း၊ ယခင်က ဘိလပ်မြေများထုတ်လုပ်ရာတွင် ကုန်ထုတ်လုပ်မှုစရိတ်များ ကြီးမြင့်ခြင်းများဖြစ်ပေါ် ခြင်း၊ ကုန်ကြမ်းများမရရှိခြင်း၊ လောင်စာနှင့်စွမ်းအင်များ လုံလောက်စွာမရရှိခြင်း၊ နည်းပညာလိုအပ်ချက်များရှိခြင်းကြောင့် အခက်အခဲများဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါ လုပ်ငန်းများပြန်လည်လည်ပတ်နိုင်ရေး မိမိတို့အနေဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ၂၀၁၈/၂၀၁၉ ခုနှစ်ခန့်မှစ၍ နိုင်ငံ၏စီးပွားရေးကျဆင်းခဲ့သော်လည်း ယခုအခါ မိမိတို့နိုင်ငံ၏ စီးပွားရေးမှာ ပြန်လည်တည်ငြိမ်ကောင်းမွန်လာပြီဖြစ်ကြောင်း။


လူသားအရင်းအမြစ်ကောင်းများမွေးထုတ်၍ ဒေသနှင့်တိုင်းပြည်အတွက် အကျိုးပြုနိုင်ရမည်


လုပ်ငန်းများဆောင်ရွက်ရန်အတွက် အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ်များလည်း လိုအပ်ကြောင်း၊ ပညာရည်မြင့်မားရေးအတွက် မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း၊ မွန်ပြည်နယ်သည် ပညာရေးအားပေးသည့် ပြည်နယ်တစ်ခုဖြစ်ပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်မှုတွင် ပထမရခဲ့ကြောင်း၊ ယင်းအတွက် ချီးကျူးပါကြောင်း၊ KG + 9 အောင်မြင်ပြီးချိန်တွင် တက်ရောက်နိုင်ရေး စက်မှုလက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်းများကို ခရိုင်များ၌ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ အဆိုပါ အထက်တန်းကျောင်းများမှ အောင်မြင်ပါက သိပ္ပံကျောင်းများ၊ တက္ကသိုလ်များသို့ ဆက်လက်တက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် သက်ဆိုင်ရာနယ်ပယ်အလိုက် နည်းပညာကျွမ်းကျင်သည့် လူသား အရင်းအမြစ်ကောင်းများ ပေါများစွာထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပညာရေးကို အားပေးဆောင်ရွက်လျက်ရှိသကဲ့သို့ မိဘများအနေဖြင့်လည်း မိမိတို့ သားသမီးများ၏ပညာရေးကို အားပေးရန်လိုကြောင်း။


နိုင်ငံတော်မှ ပညာသင်ကြားပေးလိုက်သူများအနေဖြင့်လည်း နိုင်ငံတော်အပေါ် ပြန်လည်အကျိုးပြုရန်လိုကြောင်း၊ တိုင်းပြည်နှင့် ပြည်သူအတွက် တာဝန်ထမ်းဆောင် ကြရန်လိုကြောင်း၊ ထို့ကြောင့် ပညာရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် အားပေး ဆောင်ရွက်လျက်ရှိပြီး စာသင်ကျောင်းများအားလုံးဖွင့်လှစ်ပေးထားကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း လူသားအရင်းအမြစ်များတိုးပွားလာစေရေး သက်ဆိုင်ရာပညာရပ်များအလိုက် သင်တန်းများဖွင့်လှစ်၍ ဆင့်ပွားသင်တန်းများ သင်ကြားပေးရန်လိုကြောင်း။


ခရီးသွားလုပ်ငန်းကဏ္ဍ


ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ နိုင်ငံတကာတွင်လည်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို အားပေးကြကြောင်း၊ မွန်ပြည်နယ်သည် သာယာလှပသည့် ဒေသတစ်ခုဖြစ်ကြောင်း၊ ရေစီးရေလာများကောင်းမွန်စေရေးနှင့် မြို့များသန့်ရှင်းသာယာလှပရေး၊ ပတ်ဝန်းကျင်သပ်ရပ်လှပရေး အားလုံးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ လမ်းညွှန်အမှတ်အသားများ စနစ်တကျရှိစေရေးနှင့် သတ်မှတ်ထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်ရေး ထိန်းသိမ်းကြပ်မတ်ရန်လိုကြောင်း၊ သာယာလှပသည့် ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဆောင်ရွက်နိုင်မှသာ ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ အလားတူ ဒေသအစားအစာများကိုလည်း ကောင်းမွန်သန့်ရှင်းသပ်ရပ်အောင်ဆောင်ရွက်ခြင်း၊ အများသိအောင်ကြေညာပေးခြင်းများ ဆောင်ရွက်ပေးခြင်းဖြင့်လည်း ခရီးသွားများကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း။


စည်းကမ်းစနစ်တကျ ထိန်းသိမ်းနေထိုင်ခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုကိုဖြစ်ပေါ်စေမည်


အခွန်နှင့်ပတ်သက်၍ မိမိတို့နိုင်ငံတွင် အချို့သော EAO အဖွဲ့များက တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်လျက်ရှိသည်ကို သိရှိရကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်အတွက် နစ်နာမှုများရှိကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ် မှုစာရင်းဇယားများကို တိုက်ဆိုင်စစ်ဆေးကြည့်ပါက ၅၀ ရာခိုင်နှုန်းနီးပါးခန့် ကွာဟနေသည်ကို တွေ့ရှိရပြီး တရားမဝင်ကုန်သွယ်မှုများရှိနေခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး တတ်နိုင်သမျှ ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ မရှိစေရေးအတွက်လည်း တာဝန်ရှိသူများ အနေဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တရားမဝင်ပစ္စည်းများ၊ မူးယစ်ဆေးဝါးများ နှင့် လက်နက်ခဲယမ်းများ သယ်ဆောင်မှုမရှိစေရေးအတွက် စစ်ဆေးမှုများရှိသော်လည်း ခရီးသွားလာမှုများ နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် တတ်နိုင်သမျှဖြေရှင်းဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ တစ်ဦးတစ်ယောက်ချင်းမှအစပြု၍ စည်းမဲ့ကမ်းမဲ့ဆောင်ရွက်မည်ဆိုပါက နိုင်ငံအနေဖြင့် တိုးတက်မှုများဖြစ်ပေါ်လာနိုင်မည်မဟုတ်သဖြင့် ပြည်သူများပါ ပါဝင်၍ စည်းကမ်းစနစ်တကျဖြင့် ထိန်းသိမ်းဆောင်ရွက်ကြရန်လိုကြောင်းဖြင့် တိုက်တွန်း ပြောကြားသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် တက်ရောက်လာကြသည့် မွန်ပြည်နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ခင်းကျင်းပြသထားသည့် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုလက်မှုထုတ်ကုန်၊ ဒေသရိုးရာလက်မှုထုတ်ကုန်များ၊ အဝတ်အထည်များ၊ တိုင်းရင်းဆေးများ စသည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်တစားဖြင့်လေ့လာခဲ့ပြီး ဈေးကွက်ရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးရာ လုပ်ငန်းအလိုက် စီးပွားရေးလုပ်ငန်းရှင်များက လိုက်လံရှင်းလင်းတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)