ဝေါဂိတ်ကို ဖြတ်ခဲ့တယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါဂိတ်ကို ဖြတ်ခဲ့တယ်





၈-၁၀-၂၀၂၂ ရက်နေ့က မနက်ပိုင်း အခမ်းအနားတစ်ခုကို သွားရောက်သတင်းရယူပါတယ်။ အဲဒီအခမ်းအနားမှာ ရိုက်ကူးလာတာလေးတွေကို အလောသုံးဆယ်တီးဖြတ်ပြီး တင်နိုင်ဖို့ လုပ်ရပါတယ်။ ၁၂ နာရီခွဲမှာ မော်လမြိုင်ခရီးစဉ်အတွက် ကြိုတင်ချိတ်ဆက်ထားပြီးဖြစ်နေခြင်းကြောင့်ပါ။ သို့ပေသော် ၁၂နာရီခွဲရောက်မလာပါဘူး။ ၁ နာရီ ခွဲမှ ခေါ်မယ့်သူတွေက ရောက်လာပါတယ်။

သတင်းစာရှင်းလင်းပွဲ ဆောင်ရွက်မှာဖြစ်လို့ ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ သတင်းစာရှင်းလင်းပွဲ လိုက်ပေးဖို့ ချိတ်ဆက်လာတဲ့ အချိန်မှာ တခြားသော ဘယ်သတင်းဌာနတွေ ခေါ်လို့ရအုံးမလဲလို့ မေးပါတယ်။ ဘယ်သတင်းဌာနမှ အာမခံပါဘူးလို့။ ခေါ်လို့လည်း ရမယ်မထင်ပါဘူးလို့ ပြောလိုက်ပါတယ်။ 

မြန်မာနေရှင်နယ်ပို့စ်အဖွဲ့ပဲ လိုက်သွားပါတယ်။ အဖွဲ့အစည်းကားနဲ့ အသက်အန္တရာယ်လည်း အာမခံပါတယ်လို့ ပြောပါတယ်။ ဒါကတော့ ပိုတာပါ။ ဘယ်သူမှ အာမခံနိုင်ပါဘူး။ အတတ်နိုင်ဆုံး စောင့်ရှောက်ပေးလို့ ရပါတယ်။ အာမခံတော့ ပေးဖို့မလွယ်ပါဘူး။ ကမျဉ်းမသားသမီးများက ကမျဉ်းကျောထပြီး တောင်ပစ် မြောက်ပစ်လုပ်လို့ ကိုယ့်လာထိရင် ကိုယ်ခံရမှာပါပဲ။ သို့ပေသော် လိုက်ရဲပါတယ်။ သေကံပါရင် သေမှာပဲ။ လမ်းကြောင်းနဲ့ ပတ်သက်လို့တော့ ကိုယ်ရှင်းလို့ မရတာ အမှန်ပါ။

ကိုယ်တွေ လိုက်ပါသွားတဲ့အဖွဲ့ဟာ ငြိမ်းချမ်းရေးအဖွဲ့အစည်းဖြစ်တဲ့အတွက် ဂိတ်တွေမှာ ပြောရဆိုရတာ အဆင်ပြေပါတယ်။ အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ကိုယ်တိုင်လည်း ပါတယ်။ သူ့တို့ကား နောက်ကနေပဲ တောက်လျှောက်ကပ်လိုက်ရပါတယ်။

၁၁၅ မိုင်ရောက်တော့ ကုလားဆိုင်ထဲ ထမင်းစားဖို့ မောင်းဝင်သွားကြတယ်။ ကိုယ့်ကားဆရာကလည်း နောက်ကနေ လိုက်ဝင်ပါတယ်။ မဝင်နဲ့ ပြန်ထွက်ပါ တခြားဆိုင် သွားစားမယ်ဆိုပြီး ထွက်ခဲ့ပါတယ်။ သူတို့ကလည်း မသိတဲ့အတွက် ဝင်မိတာ ဖြစ်ပါတယ်။ ကိုယ်ကတော့ သိတဲ့အတွက် မစားတဲ့အကြောင်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်ပါတယ်။ 

အမြန်လမ်း ၇၁မိုင်ကနေ မော်လမြိုင်ဘက်အဆင်းမှာ မှောင်စပြုပါပြီ။ သူတို့ကားက Isuzu အမြင့်၊ ကိုယ်တွေကားက Probox ပါ။ တခါ တခါ သူတို့ မောင်းသွားလိုက်တာ နောက်က လိုက်မရပါဘူး။ ရပ်စောင့်ပြီး ခေါ်ပေးပါတယ်။ အဲဒီလိုနဲ့ ဂိတ်တွေဖြတ်လာလိုက်တာ ဘာပြဿနာမှ မရှိပါဘူး။ ကြန့်ကြာမှု လုံးဝမရှိပါဘူး။

ဒီက မသွားခင် အကိုတစ်ယောက်က ပြောတယ်။ ဝေါဂိတ်က အဆင်ပြေပါ့မလားတဲ့။ ၂ရက် ၃ရက် သောင်တင်နေတယ်လို့ သတင်းကြားတဲ့အကြောင်း ပြောပြလိုက်ပါတယ်။ ကိုယ်ကတော့ ပြေမယ်ထင်ပါတယ်လို့ပဲ ပေါ့ပေါ့တန်တန် ပြောလိုက်ပါတယ်။

ဝေါဂိတ်ကို ရောက်သွားကြပါတယ်။ မော်လမြိုင်၊ သထုံ၊ ဘီးလင်း ဘက်က တက်လာတဲ့ ကားတွေဟာ အဲဒီမှာ X-ray ဖြတ်ဖို့ တန်းစီစောင့်ကြရပါတယ်။ လုံခြုံရေးအတွက် စစ်ဆေးနေခြင်း ဖြစ်ပါတယ်။ တန်းစီစောင့်တဲ့ ကားတန်းဟာ တိုးရင်း ကျော်ရင်းနဲ့ တစ်ဖက် ယာဉ်ကျောကိုပါ ပိတ်စို့ထားပါတယ်။ တစ်လမ်းစာလောက်ပဲ ပွင့်ပါတယ်။ ဒီဘက်က အဆင်းကိုတော့ စစ်ဆေးခြင်း မရှိတဲ့အတွက် ရန်ကုန်၊ နေပြည်တော် ဘက်က သွားတဲ့ကားတွေ အတွက် အဆင်ပြေတယ်လို့ ထင်ရပေမယ့် တစ်ဖက်ယာဉ်ကျောက တက်ပိတ်ထားတဲ့အတွက် ဒီဘက်က ကားတွေလည်း ကြန့်ကြာနေပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့ရဲ့ ကားက ရှေ့ကတိုး ကျွန်တော်တို့ ကားလေးက နောက်က ကပ်လိုက်ပါတယ်။ ဘယ်လိုမှ တိုးမရတော့ဘဲ ရှေ့မှာ ကားကြီးပိတ်ခံနေတော့ ၁နာရီလောက် ရပ်နေလိုက်ရပါတယ်။ 

သူတို့ အလာတုန်းကတော့ အဖွဲ့အစည်းကားဖြစ်တဲ့အတွက် ပွိုင့်ခေါ်ပြီး ထုတ်ပေးတယ်လို့ ပြောတယ်။ အပြန်မှာတော့ သူတို့အနေနဲ့လည်း တာဝန်ရှိသူတွေကို အလုပ်မရှုပ်စေချင်လို့ ဒီအတိုင်းပဲ တိုးနေပါတယ်။ တစ်နာရီလောက်ကြာတော့ တရွေ့ရွေ့ တိုးလို့ရလာပါတယ်။ အဲဒီလိုနဲ့ ဝေါဂိတ်ကို ကျော်ခဲ့ပါတယ်။ ကျွန်တော်တို့ အဖွဲ့မှာ ပါတဲ့ အကိုတစ်ယောက်ရဲ့ ခန့်မှန်းချက်အရ ယာဉ်တန်းက ၂မိုင်လောက် ပိတ်နေတာလို့ ဆိုပါတယ်။ လမ်းဘေးဈေးဆိုင်ကို သွားမေးတော့ မနက်ကစပြီး တစ်နေကုန်ပိတ်တာလို့ ဆိုပါတယ်။ 

အပြန်ကြရင် အဆင်ပြေပါ့မလားလို့ တွေးပူမိတယ်။ အဖွဲ့အစည်းက ပြန်လိုက်ပို့ပေးမယ်လို့ ပြောထားတဲ့အတွက် ကိုယ့်အနေနဲ့တော့ စကားပြောဖို့ မလိုပါဘူး။ ကိုယ်ပြောလို့လည်း မရပါဘူး။

ဝေါဂိတ်က ကျော်ပြီး အပြင်းမောင်းလာကြပါတယ်။ စစ်တောင်းဂိတ်ကို ရောက်ပါတယ်။ စစ်တောင်းဂိတ်က ည ၈ နာရီဆိုရင် လုံးဝ ပေးမဖြတ်တော့ဘူးလို့ သိရပါတယ်။ ငြိမ်းချမ်းရေးအဖွဲ့ထဲက အကိုတစ်ယောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ သွားစကားပြောလိုက်တော့ ကျွန်တော်တို့ ကား ၂စီးကို လွှတ်ပေးပါတယ်။ စစ်တောင်းတံတားမှာက ဟိုဘက်အဆင်း ဒီဘက်အဆင်း ၂ဖက်လုံးမှာ လုံခြုံရေးဆောင်ရွက်နေကြတာကို တွေ့ရပါတယ်။ အဲဒီ ဂိတ်တွေက ည ၈ နာရီဆို လုံးဝပေးမဖြတ်တာ ဖြစ်တဲ့အတွက် အဲဒီဂိတ်တွေ ကျော်လာပြီးတော့လည်း ဘီးလင်းမရောက်ခင်အထိ ဂိတ်တိုင်းက လမ်းအပြည့် ပိတ်ထားကြပြီ ဖြစ်ပါတယ်။ ဘယ်ကားမှ ပေးမဖြတ်တဲ့အချိန် ကား၂စီးတည်း ဖြတ်လာတော့ လုံခြုံရေးအဖွဲ့တွေလည်း ပြာရိပြာယာ ဖြစ်ကုန်ကြပါတယ်။ သေနတ်နဲ့ပဲ ထိုးချိန်ရမလား။ တချို့က အဆင်သင့်အနေအထား။ စိတ်မြန်လက်မြန်နဲ့ ပစ်လိုက်မှဖြင့်ပေါ့ဗျာ။

စစ်တောင်းကနေ တောက်လျှောက် မျက်နှာချင်းဆိုင်ဘက်ကလည်း ဘာကားမှ မလာသလို နောက်မှာလည်း ဘယ်ကားမှ မပါတော့ပါဘူး။ ၂စီးတည်း မောင်းရတာပါ။ လုံခြုံရေးဂိတ်တိုင်းက ငြိမ်းချမ်းရေးအဖွဲ့ဖြစ်တဲ့အတွက် လွှတ်ပေးပါတယ်။ တချို့နေရာတွေ လမ်းပိတ်ထားပေမယ့် လုံခြုံရေးအစောင့် မရှိတော့ပါဘူး။ ကိုယ်တိုင်လမ်းဆင်းဖွင့်ပြီး သွားကြရပါတယ်။ အဲဒီလိုနဲ့ မော်လမြိုင် ရောက်ပါတယ်။

ဝေါဂိတ်က ဘာကြောင့်ပိတ်နေတာလည်း PDF အပါအဝင် အကြမ်းဖက်အဖွဲ့တွေက လက်နက်တွေ နည်းမျိုးစုံနဲ့ သယ်ဆောင်နေလို့ စနစ်တကျ ပိတ်စို့ စိစစ်နေရတဲ့ အခြေအနေဖြစ်ပါတယ်။ ခရီးသွားပြည်သူတိုင်းက အကြမ်းဖက်အားပေးမဟုတ်ပေမယ့် မသမာသူ ပါလာရင်၊ အကြမ်းဖက်သမားတွေအတွက် လက်နက်တွေ ပါလာရင် အပြစ်မဲ့ ပြည်သူတွေ အသတ်ခံရအုံးမှာ ဖြစ်တယ်။ PDF ကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်နေကြရတာဖြစ်ပါတယ်။

၉-၁၀-၂၀၂၂ ရက်နေ့ကတော့ စီစဉ်စရာရှိတာ စီစဉ်ကြပါတယ်။ ၁၀-၁၀-၂၀၂၂ ရက်နေ့မှာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ လက်နက်အပ်နှံပြီး အလင်းဝင်ခဲ့တာ ၁၂ပြည့်မြောက်တဲ့နေ့ နဲ့ တာဝန်လွှဲအပ်ခြင်း အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။ အခမ်းအနားပြီးတာနဲ့ ကျွန်တော်တို့က တန်းပြန်မှာ ဖြစ်ပါတယ်။ အပြန်လမ်းကြောင်း လိုက်ပို့မယ့်သူ စီစဉ်ပေးထားဖို့လည်း သူတို့ကို တဖွဖွ ပြောရပါတယ်။

၁၀-၁၀-၂၀၂၂ ရက်နေ့ အခမ်းအနားအပြီးမှာတော့ အလာတုန်းက လူတွေ မပါတော့ဘဲ ငြိမ်းချမ်းရေးအဖွဲ့ထဲကပဲ အကို ၂ယောက်က လိုက်ပို့ပေးပါတယ်။ ဂိတ်တိုင်းကို သူတို့ပဲ ရှေ့ကနေ ပြောစရာရှိတာ ပြောပြီး ဖြတ်တာပဲ ဖြစ်ပါတယ်။ ဝေါဂိတ်ကို ပြန်ရောက်ပါတယ်။ ရန်ကုန်၊ နေပြည်တော် အတက် ယာဉ်တန်းကြီးက မျက်စိတဆုံး ပိတ်စို့နေပါတယ်။ တစ်ဖက်ယာဉ်ကျော်ပေါ်ကနေတောင် ကျော်လို့ မရတော့ပါဘူး။ လမ်းဘေး မြေသားလမ်းကနေ ရှေ့ကအကိုတွေက တိုးပါတယ်။ ကျွန်တော်တို့က နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပါတယ်။ 

ထပ်ကြပ်မကွာ လိုက်ရင်း ကိုယ်တွေရှေ့မှာ လမ်းမကြီးအတိုင်း မဟုတ်တော့ဘဲ လယ်ထဲဖြတ်ဖောက်ထားတဲ့ ကုန်ထုတ်လမ်းပေါ်ကို ဆင်းသွားတဲ့ ကား (၅)စီးလောက်တွေ့ရပါတယ်။ ကျွန်တော်တို့ ကား၂စီးလည်း ရှေ့ဆက်တိုးလို့ မရတော့တဲ့အတွက် ကုန်ထုတ်လမ်းအတိုင်း လိုက်မောင်းပါတယ်။ ဘယ်နေရာကနေ ဘယ်လို ပြန်တက်မလဲဆိုတာလည်း မသိပါဘူး။ ရှေ့က သွားတဲ့နောက်ကို လိုက်နေကြတာပါပဲ။ ကျွန်တော်တို့ နောက်ကနေ လိုက်လာတာလည်း အစီး ၂၀ ထက် မနည်းပါပဲ။

အဲဒီ လယ်ထဲ ဖြတ်တဲ့ ကုန်ထုတ်လမ်းကလည်း အတော်လေး မောင်းရပါတယ်။ ကုန်ထုတ်လမ်းအတိုင်း မောင်းသွားရင်း လမ်းမကြီးပေါ်မှာ တန်းစီနေတဲ့ ယာဉ်တန်းကို ပြန်လှည့်ကြည့်လိုက်တော့ နည်းတာမှမဟုတ်ဘဲ။ မော်လမြိုင်၊ သထုံ၊ ဘီးလင်းဘက်က တက်လာတဲ့ ကားတွေက လမ်းအပြည့် ကားတန်းရှည်ကြီး။ ဒီဘက်က သွားဖို့ ယာဉ်ကျောတောင် မကျန်တဲ့အပြင် မြေသားလမ်းပေါ်ကနေ ကျွန်တော်တို့လို ကျော်မောင်းနေတဲ့ ကားတွေလည်း မနည်းပါဘူး။ ကိုယ်တွေသာဆိုရင်တော့ မောင်းမှာ မဟုတ်ပါဘူး။ အဲဒီမှာ တစ်ရက်ပိတ်လည်း စောင့်ရမှာပဲ ဖြစ်ပါတယ်။ လုံခြုံရေးအဖွဲ့တွေ၊ ယာဉ်ထိန်းတွေနဲ့ တွေ့တဲ့အခါ ငြိမ်းချမ်းရေးအဖွဲ့က အကိုတွေက ပြောဆိုလို့ ရတဲ့အတွက်သာ မောင်းလာခဲ့ခြင်းဖြစ်ပါတယ်။

လယ်ထဲ ဖြတ်တဲ့ ကုန်ထုတ်လမ်းကလည်း ကွေ့ကောက်ပြီး တစ်ရွာဝင် တစ်ရွာထွက် ဆက်ထားတာဆိုတော့ အတော်လေး မောင်းရပါတယ်။ ၅နာရီ မထိုးခင်က ကုန်ထုတ်လမ်းပေါ်ဆင်းလိုက်တာ ၇ နာရီ ဝန်းကျင်မှ ရွာ ၅ရွာလောက် ဖြတ်ပြီး လမ်းမကြီး ပေါ် ပြန်ရောက်ပါတယ်။ အဲဒီမှာလည်း ကျွန်တော်တို့ ရှေ့က ၅စီးလောက်သာ ရှိပေမယ့် နောက်က တန်းလိုက်လာတဲ့ ကားတန်းဟာ မနည်းပါဘူး။ ရွာသူ ရွာသား ဆိုင်ကယ်၊ စက်ဘီးတွေ လမ်းဘေးချ ရပ်ပေးထားရတဲ့ အခြေအနေ ဖြစ်သွားပါတယ်။ 

X-ray နဲ့ စနစ်တကျ စစ်နေတဲ့ နေရာမှာ တစ်ဖက် ကုန်ထုတ်လမ်းကနေ ပတ်မောင်းသွားတာ ကောင်းသလားဆိုရင် မကောင်းပါဘူး။ စစ်ဆေးတဲ့နေရာက အဲဒီလောက်ကြီး ပိတ်စို့မှုမဖြစ်အောင် စက်အလုံးရေတိုးပြီး စစ်ဆေးပေးနိုင်မယ်ဆိုရင်တော့ ပိတ်စို့မှု ဖြစ်လိမ့်မယ်မထင်ပါဘူး။ အခု အခြေအနေကတော့ မနက်ကစပြီး တန်းစီတာ မိုးချုပ်လို့တောင် X-ray စက်ဆီမရောက်တဲ့ သဘောဖြစ်နေလို့ ခရီးသွားပြည်သူတွေ အချိန်ကုန်၊ လူပင်ပန်းဖြစ်ကြရပါတယ်။

ဘေးက ကုန်ထုတ်လမ်းကနေ သာမာန်ခရီးသွားပြည်သူတွေ ကျော်ဖြတ်မောင်းနှင်တာ ပြဿနာ မရှိပေမယ့် အကြမ်းဖက်သမား မသမာသူတွေအတွက် လမ်းဖြစ်သွားရင်လည်း စစ်ဆေးနေတာကြီးက အရာမထင်တော့ပြန်ပါဘူး။ ခရီးသွားဖို့ အကြောင်းကိစ္စ ရှိနေသူတွေအနေနဲ့လည်း မသွားလို့မဖြစ်တဲ့ ခရီးမို့ သွားကြရမှာပါပဲ။ အကြမ်းဖက် လှုပ်ရှားနေသူများကလည်း ကိုယ့်ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နိုင်ဖို့ လက်နက်မျိုးစုံကို နည်းလမ်းမျိုးစုံနဲ့ သယ်ယူနေတာ ဖြစ်တဲ့အတွက် မစစ်ဆေးလို့ မရပါဘူး။ 

ဒီလိုပိတ်စို့မှုမဖြစ်အောင် စစ်ဆေးမှုအတွက် စက်ပိုင်းဆိုင်ရာ တိုးမြှင့်ရမှာ ဖြစ်ပါတယ်။ တစ်ဖက် ကုန်ထုတ်လမ်းကိုလည်း မသမာသူများ အသုံးမပြုနိုင်အောင်၊ ရွာသူရွာသားများ သွားလာမှုအခက်အခဲ မဖြစ်အောင် စစ်ဆေးမှုမခံယူဘဲ ဖြတ်သန်းမှုကို တားမြစ်တာတော့ အသင့်တော်ဆုံးလို့ မြင်မိပါတယ်။

ဒီကာလမှာ အဲဒီနေရာကို အဲဒီလို ပုံစံမျိုးနဲ့ပဲ နောက်တစ်ခေါက် ထပ်သွားရမယ်ဆိုရင်တောင် မလိုက်ချင်တော့ပါဘူး။ လမ်းတလျှောက် ရုံးတွေ ရှေ့မှာဆိုရင် အဟန့်အတားတွေ လုပ်ထားရတယ်။ စနစ်တကျ မစစ်ဆေးရင် တရားမဝင် လက်နက်တွေဝင်လာပြီး ပြည်သူတွေ ဘေးတွေ့ရအုံးမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ ခရီးသွားလာမှု အဆင်မပြေဖြစ်အောင် CRPH, NUG အမည်ခံ ပြည်ပြေး အစွန်းရောက် အကြမ်းဖက်အုပ်စုက ပြည်ပက ရရှိတဲ့ ငွေကြေးအထောက်အပံ့နဲ့ လက်နက်တွေ ဝယ်ပေးတယ်။ ပြည်သူအချင်းချင်း သတ်ဖြတ်မယ့် PDF အမည်ခံ အစွန်းရောက် အကြမ်းဖက်များက သယ်သွင်းတယ်။ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ သေကြေပျက်စီး ဆုံးရှုံးမှုမဖြစ်အောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေမှာ ၂၄ နာရီ အလုပ် လုပ်နေကြရတယ်။ ဘယ်သူတွေက ပြည်သူတွေကို ဒုက္ခပေးနေတာလဲ ဆိုရင် CRPH, NUGပြည်ပြေး အစွန်းရောက် အကြမ်ဖးက်လှုံ့ဆော်သူတွေရဲ့ ဝါဒမှိုင်းမိပြီး ပြည်သူအချင်းချင်း ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ PDF အကြမ်းဖက်သမားတွေကြောင့် ပြည်သူတွေရဲ့ ခရီးသွားလာမှုအတွက် အခက်ကြုံနေရတာပဲ မဟုတ်ပါလား။ အဲဒီ CRPH, NUG, PDF အမည်အမျိုးမျိုး ခံထားတဲ့ အဖွဲ့များဟာ ပြည်သူများရဲ့ နေ့စဉ်လူမှုစီးပွားဘဝ အဆင်ပြေအောင် ဘာတွေများ လုပ်ဆောင်ပေးနေတာ ရှိပါသလဲဗျာ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)