MNP - အောက်တိုဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့နယ်အဆင့်ကလေး သူငယ်အခွင့်အရေး များဆိုင်ရာကော်မတီ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာမြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အတွင်းရေးမှူး မြို့နယ်လူမှုဝန်ထမ်းမှ ဦးစီးအရာရှိ ဒေါ်ချိုချိုလွင်က ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အခမ်းအနားပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာတွင် ကလေးသူငယ်များ၏ အခွင့် အရေး(၄)ရပ်၊ အခြေခံမူ(၄)ရပ်နှင့် လက်ရှိလုပ်ဆောင်နေသော ကလေးသူငယ်စောင့်ရှောက်ခြင်း လုပ်ငန်းများ အကြောင်း၊ လူ့အခွင့်အရေးအဓိပ္ပာယ်၊ လူ့အခွင့်အရေးတွင်ပါဝင်သည့် အချက်များ၊ ကလေး၏အဓိပ္ပာယ်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်မှ သိသင့်သိထိုက်သည့်အခွင့်အရေးများ၊ အလုပ်ရှင်များ အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာမူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးများအတွက်ဆောင်ရွက် ပေးသည့်လုပ်ငန်းများ ထောက်ပံ့ပေးနေမှုများ၊ ကလေးသူငယ်များအား ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ဥပဒေ အကောင်းအရာများ၊ ပြစ်မှုပြစ်ဒဏ်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့်ဆွေးနွေးတင်ပြရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီဝင်များမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် ပတ်သက်ပြီး သိရှိလိုသည်များကို အပြန်အလှန်မေးမြန်း အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းမျိုးသန့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment