MNP - အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စပါးခွံမှ လျှပ်စစ်ထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမ(၁)တွင် ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က စိုက်ပျိုးရေးကို အခြေခံ၍ ကုန်ထုတ်စီးပွားရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆန်စပါးမှ ထွက်ရှိသည့် စပါးခွံကို အလေအလွင့်မရှိစေဘဲ လျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် တက်ရောက်လာ သည့် ကုမ္ပဏီမှ လုပ်ငန်းရှင်များ အနေဖြင့် လုပ်ဆောင်ပေးနိုင်သည့် အခြေအနေများ၊ လျှပ်စစ် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည့်နည်းလမ်း များကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်း၊ နေပြည်တော်ကောင်စီနှင့် ဌာနဆိုင်ရာ များအနေဖြင့် လည်း လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် ကုမ္ပဏီလုပ်ငန်းရှင်များက စပါးခွံကို လျှပ်စစ်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းစဉ်နှင့် လိုအပ်ချက်အခြေအနေများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များက စပါးခွံကို လျှပ်စစ်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်မည့် လုပ်ငန်း စဉ်များကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်း - အောင်ကိုကို
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment