နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များ ရရှိတော်မူခဲ့သော အောင်ဆန်းဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ သထုံမြို့၊ နန္ဒဝန်ကျောင်းတိုက်၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်မှချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များ ရရှိတော်မူခဲ့သော အောင်ဆန်းဆရာတော်အား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲ သထုံမြို့၊ နန္ဒဝန်ကျောင်းတိုက်၌ ကျင်းပ




MNP - အောက်တိုဘာ   ၃၀


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ယခုနှစ်အတွက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇနှင့် အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်များ ချီးမြှင့်ခဲ့သည့် ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရအား ထပ်ဆင့်ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်က သထုံမြို့၊ နန္ဒဝန်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်း၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် သံဃာတော်များ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ဧည့်ပရိသတ်အပေါင်းတို့က ပူဇော်ပွဲအား နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး သံဃာတော်များထံမှ သီလခံယူဆောက်တည်ကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်တစ်ပါးက ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရ၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားရှင်းလင်းကာ တေးသံရှင်များက ဆရာတော်အား ဓမ္မတေးသီချင်းများဖြင့် ပူဇော်ခဲ့ကြသည်။


ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဆရာတော်အား ဘွဲ့တံဆိပ်တော်များကို ထပ်ဆင့်ဆပ်ကပ်‌ပူဇော်ပေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အကျိုးတော်ဆောင်များနှင့် ဒါယကာဒါယိကာမအပေါင်းတို့က ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တက်ရောက်လာသူတို့က အောင်ဆန်းဆရာတော်ထံမှ အနုမောဒနာတရားများနာယူကာ လှူဒါန်းမှုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြပြီး ပူဇော်ပွဲအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆိုပိတ်သိမ်းခဲကြသည်။


ပြည်တွင်းပြည်ပ ကမ္ဘာ့ဗုဒ္ဓသာသနာပြု အောင်ဆန်းဆရာတော် ဒေါက်တာဘဒ္ဒန္တသဒ္ဓမ္မကိတ္တိသာရအရှင်သူမြတ်သည် မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်ကြီး၏ ပဓာနနာယကဖြစ်‌တော်မူပြီး သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ရာ နိုင်ငံတော်မှ ၁၉၉၉ ခုနှစ်၌ မဟာကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော်၊ ၂၀၀၉ ခုနှစ်၌ အဂ္ဂမဟာကမ္မဋ္ဌာနစရိယ ဘွဲ့တံဆိပ်တော်၊ ၂၀၁၅ ခုနှစ်၌ နိုင်ငံ့စွမ်းဆောင်ရည်ဆု၊ ၂၀၁၄ ခုနှစ်၌  ထိုင်းနိုင်ငံ နာရက်ဆွန်တက္ကသိုလ်မှ Ph.D(Social Science) ဘွဲ့တံဆိပ်တော်နှင့် ၂၀၁၆ ခုနှစ်၌ ထိုင်းနိုင်ငံ မဟာချူလာလောင်ကွန်း ရာဇဝိဇ္ဇာလယ တက္ကသိုလ်မှ Ph.D(Vipassana Bhavana)ဘွဲ့တံဆိပ်တော်တို့ကို ရရှိတော်မူခဲ့ပြီးဖြစ်ကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)