ဦးခင်ရီ ဘာလုပ်နေလဲ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဦးခင်ရီ ဘာလုပ်နေလဲ



ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ရဲ့ တတိယအကြိမ်မြောက် ညီလာခံကနေ ဦးခင်ရီကို ပါတီဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြပါတယ်။ ဥက္ကဋ္ဌ ဟောင်း ဦးသန်းဌေး ဟာ တတိယအကြိမ် ညီလာခံမှာ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌ နေရာအတွက် ထပ်မံအဆိုပြုခြင်းမရှိတော့ဘဲ အနားယူသွားခဲ့ပါတယ်။ ဥက္ကဋ္ဌ အဖြစ်ရွေးချယ်တင်မြောက်ခြင်းခံရပြီး ပါတီညီလာခံ မိန့်ခွန်းမှာ ဦးခင်ရီက ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်များနဲ့ ပတ်သက်လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။


တတိယအကြိမ် ညီလာခံ ပါတီဥက္ကဋ္ဌ ဦးခင်ရီရဲ့ မိန့်ခွန်းမှာ ပါတီရဲ့ ဆောင်ရွက်ချက်များဟာ ကာလ၊ ဒေသ၊ ခေတ်စနစ်နဲ့ လိုက်လျောညီထွေ ရှိနေဖို့ လိုအပ်ကြောင်း၊ ပဉ္စမအကြိမ် ဗဟိုကော်မတီညီလာခံမှ ပါတီရဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ လုပ်ငန်းစဉ် (၅)ရပ်ကို ပြန်လည်တင်ပြရရင် နံပါတ်(၁) အနေနဲ့ ယုံကြည်မှုကို အခြေခံတဲ့ ပါတီတွင်း စည်းလုံးညီညွတ်မှု ကျစ်လစ်ခိုင်မာရေး၊ လူငယ်ထု၏ အားကို အခြေခံပြီး ပြည်သူလူထုအတွင်း စဉ်ဆက်မပြတ် စည်းရုံးခြင်းဖြင့် ရွေးကောက်ပွဲအောင်နိုင်ရေး၊ အမှတ်စဉ် (၂) အနေနဲ့ အမျိုးချစ်စိတ် နိုင်ငံချစ်စိတ်နဲ့ တည်ဆဲဥပဒေများနှင့် ကျင့်ဝတ်များကို ပါတီဝင်အားလုံးက တန်ဖိုးထား ထိန်းသိမ်းလိုက်နာစေရေး၊ နံပါတ်(၃) နိုင်ငံတော်တည်ငြိမ်ရေးနဲ့ နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးစေနိုင်တဲ့ အကြမ်းဖက်ဝါဒနဲ့ ပြည်တွင်း၊ ပြည်ပမှ အကြမ်းဖက်များအပေါ် အားပေးနေမှု၊ ပြည်တွင်းရေးအပေါ် ဝင်ရောက်စွက်ဖက်နေမှုများကို နိုင်ငံချစ်သော ပြည်သူများနဲ့အတူ ဆန့်ကျင်တိုက်ဖျက်ရေး၊ နံပါတ်(၄) အနေနဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပိုမိုခိုင်မာစေပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေး၊ နံပါတ် (၅) အနေနဲ့ နိုင်ငံတော်အဓွန့်ရှည်၍ ပြည်တွင်းငြိမ်းချမ်းရေး တရားဥပဒေစိုးမိုးရေးနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ ပါတီဝင်များ အပါအဝင် ပြည်သူ့ဘဝ လုံခြုံရေးကိစ္စများ တစ်စတစ်စ တိုးတက်ခိုင်မာလာစေဖို့အတွက် ပြည်သူလူထုနဲ့အတူ နည်းလမ်းပေါင်းစုံနဲ့ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ရေးတို့ ဖြစ်ကြောင်း ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။


တတိယအကြိမ် ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲမှာလည်း သတင်းသမားများက ပါတီဝင်များ သတ်ဖြတ်ခံနေရမှုအပေါ် တုန့်ပြန်သွားဖို့ ရှိ/ မရှိဆိုတဲ့မေးခွန်းကို မေးမြန်းခဲ့ကြပါတယ်။ ဒီမေးခွန်းအပေါ် ဦးခင်ရီ က ပါတီဝင်များ သတ်ဖြတ်ခံနေရမှုနဲ့ ပတ်သက်လို့ ကဗျည်းကျောက်တိုင် စိုက်ထူခဲ့ကြောင်းနဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် လက်နက်ရှိမှ တုန့်ပြန်လို့ ရတာမဟုတ်ကြောင်း၊ အခွင့်သာရင် တုန့်ပြန်သွားမှာဖြစ်ပြီး၊ နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမယ်လို့ ဖြေကြားခဲ့ပါတယ်။


ဦးခင်ရီရဲ့ ဘဝနောက်ကြောင်းကို ပြန်လည်လေ့လာကြည့်မယ်ဆိုရင်တော့ ဦးခင်ရီဟာ ပညာသင်ကာလ ပြီးဆုံးသည့်နောက် တပ်မတော်အရာရှိဘဝမှ စကာ တိုင်းပြည်အတွက် ကျရာတာဝန်ကို စဉ်ဆက်မပြတ်ထမ်းဆောင်ခဲ့တာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဧရာတီတိုင်း၊ မြောင်းမြမြို့ဇာတိ ဦးခင်ရီဟာ ၁၉၇၂ ဒုဗိုလ်အဖြစ်နဲ့ ပုသိမ်မြို့ ခလရ(၃၈) မှာ တပ်မတော်တာဝန်များကို စတင်ထမ်းဆောင်ခဲ့ပြီး ဗိုလ်မှူးကြီးအဆင့်နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ဆက်လက်ပြီး ဗိုလ်မှူးချုပ်အဖြစ်နဲ့ စစ်ဆင်ရေးကွပ်ကဲရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။


၂၀၀၂ ခုနှစ်မှာတော့ တာဝန်ပေးအပ်မှုအရ ဦးခင်ရီ ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အဖြစ် (၈)နှစ်ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ရဲချုပ်တာဝန်ထမ်းဆောင်နေစဉ်မှာပဲ ပြည်ထဲရေး ဒုဝန်ကြီးတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီး ပြီးတဲ့နောက် ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ 

ဦးခင်ရီ ဟာ နိုင်ငံတာဝန်များ ထမ်းဆောင်ခဲ့တဲ့ ကာလတလျှောက် နာမည်ပျက် မရှိခဲ့ဘဲ ကျရာတာဝန်ကို ထမ်းဆောင်ပြီး မိမိထမ်းဆောင်ရတဲ့ ဌာနအတွက် အောင်မြင်တိုးတက်မှုတွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ ၂၀၁၅ မှာ အတိုက်အခံ အင်အားကြီးပါတီ အာဏာရသွားချိန် တိုင်းပြည်တာဝန်များမှ အနားယူရတဲ့ ကာလမှာလည်း အတိုက်အခံ နိုင်ငံရေးသမားအဖြစ်နဲ့ အစိုးရတစ်ရပ်ရဲ့ ဆောင်ရွက်ချက်တွေအပေါ် အပြုသဘောဆန်ဆန် ဝေဖန်ထောက်ပြမှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်ခဲ့ပါတယ်။


၂၀၂၀ ရွေးကောက်ပွဲ အာဏာရပါတီက မဲလိမ်မဲခိုးမှုတွေ ကျူးလွန်လာတဲ့အခါမှာတော့ တရားမျှတမှု ရရှိဖို့၊ မဲမသမာမှုတွေအပေါ် ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသလို တပ်မတော်ကလည်း ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့ပါတယ်။ အာဏာပါတီ NLD က မဲမသမာမှုတွေကို ဖြေရှင်းဆောင်ရွက်ခြင်းမရှိဘဲ တိုင်းပြည်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ ကြိုးစားလာတဲ့အခါ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိန်းသိမ်းခဲ့ရတဲ့ အခြေအနေမျိုးကို ရောက်ရှိခဲ့ပါတယ်။ တပ်မတော် ဦးဆောင်တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အိမ်စောင့်အစိုးရအဖြစ် ဖွဲ့စည်းတဲ့အခါမှာလည်း ဦးခင်ရီ ကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တာဝန်ကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ မဲစာရင်း အလွဲအမှားများ မဖြစ်စေဖို့၊ ဆန္ဒမဲပေးခွင့် ရှိသူတိုင်း မဲပေးခွင့် ရရှိစေဖို့ ပန်းခင်းစီမံချက်ကို ပြန်လည်ဖောင်ဆောင်ပြီး နိုင်ငံသားတိုင်း မှတ်ပုံတင်၊ သန်းခေါင်းစာရင်း ရရှိအောင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးခဲ့ပါတယ်။


နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေရာမှ ပါတီတာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ တာဝန်ပေးအပ်လာပြန်တော့လည်း နိုင်ငံရေးသမားအဖြစ် ပေးအပ်လာတဲ့တာဝန်တွေကို ထမ်းဆောင်ရပြန်ပါတယ်။ ဦးခင်ရီရဲ့ ဘဝတစ်တမ်းတလျှောက် NLD ပါတီအာဏာရတဲ့ (၅)နှစ်တာကာလသာ အနားယူခွင့် ရခဲ့ပြီး စဉ်ဆက်မပြတ် နိုင်ငံတော်တာဝန်များ၊ ပါတီတာဝန်များကို ထမ်းဆောင်ခဲ့ရသူ ဖြစ်ပါတယ်။


တတိယအကြိမ် ညီလာခံပြီးအပြီးမှာ ဦးခင်ရီ ဘာတွေလုပ်မှာလဲ စောင့်ကြည့်နေခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ ဦးခင်ရီ ပြောကြားခဲ့တာက အကြမ်းဖက်အန္တရာယ်ကာကွယ်ရေးကို စီမံချက်ရေးစွဲ ဆောင်ရွက်သွားဖို့ ရှိတယ်ဆိုတာကိုလည်း ထည့်သွင်း ပြောကြားထားခဲ့ပါတယ်။ 


တတိယအကြိမ် ပါတီညီလာခံပြီးလို့ ဥက္ကဋ္ဌ တာဝန်ကို စတင်ထမ်းဆောင်ရပြီဖြစ်တဲ့ ဦးခင်ရီဟာ ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်မိရပ်ဖများ၊ ပရဟိတအသင်းအဖွဲ့များနှင့်တွေ့ဆုံပွဲ ကျင်းပပြီး  ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့် တက်ရောက်လာသော ရပ်မိရပ်ဖများမှ ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းကောင်း၊ ပရဟိတအဖွဲ့များမှ ဒေသခံပြည်သူများအတွက် အကျိုးပြုလုပ်ငန်းများဆောင်ရွက်နေမှုများကိုလည်းကောင်း အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါတယ်။ တဆက်တည်းမှာပဲ ရန်ကုန်တိုင်းဒေသကြီးအတွင်း အကူအညီလိုအပ်နေသော ပါတီဝင် မိသားစုများကို တွေ့ဆုံပြီး နွေးထွေးစွာ နှစ်သိမ့်အားပေးစကားပြောကြားပြီး ထောက်ပံ့ကူညီမှုတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။


အဲဒီနေ့မှာပဲ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နှင့် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့ဟာ ရန်ကုန်မြို့အခြေစိုက် နိုင်ငံရေးပါတီ၊ တိုင်းရင်းသားပါတီ အချို့နဲ့ တွေ့ဆုံပြီး မျက်မှောက်ကာလ နိုင်ငံရေးပဋိပက္ခများအပေါ် ဆွေးနွေးခဲ့ကြပါတယ်။


ရန်ကုန်မြို့ပေါ်မှာ တွေ့ဆုံဆွေးနွေးသင့်သူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပါတီဝင်မိသားစုများအတွက်လည်း နွေးထွေးစွာ တွေ့ဆုံအားပေး ထောက်ပံ့ပေးပြီးနောက် မန္တလေးမြို့ကို ဦးခင်ရီ ခြေဆန့်ခဲ့ပါတယ်။  ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှာ  မန္တလေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီတာဝန်ရှိသူများ၊ လူငယ်/အမျိုးသမီး တာဝန်ခံများ၊ ရပ်ကွက်/ကျေးရွာအုပ်စုမှ ပါတီစည်းရုံးရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးခဲ့တာကို တွေ့မြင်ရပါတယ်။ တဆက်တည်းမှာပဲ မန္တလေးတိုင်းဒေသကြီးအခြေစိုက် စစ်မှုထမ်းဟောင်းများ၊   နိုင်ငံချစ်သော ပရဟိတအသင်းအဖွဲ့များနှင့်တွေ့ဆုံပြီး ဆွေးနွေးမှုတွေလည်း ဆောင်ရွက်ခဲ့တာကို တွေ့မြင်ရပါတယ်။ 


မန္တလေးမြို့မှာ ရောက်ရှိနေတဲ့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ဝါရင့်ပါတီဝင်များ၊ ပါတီဝန်းရံသူများ၊ အသင်းကာလတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသင်းဝင်များနှင့် တွေ့ဆုံပွဲကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့ မှာ ထပ်မံတွေ့ဆုံပြီး "ရွေးကောက်ပွဲအောင်နိုင်ရေးဆိုင်ရာ အကြံပြုသုံးသပ်ချက်များ၊ ပါတီတွင်းစည်းလုံးညီညွတ်ရေး ကိစ္စများ၊ အသွင်သစ်စည်းရုံးရေးဖြင့် ပြည်သူများနှင့်တစ်သားတည်းဖြစ်စေရေးဆိုင်ရာ အချက်များ၊ ပါတီမှချမှတ်ထားသော  ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ပထမ ၃ လပတ်ကာလအတွင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ" အား ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။


ရန်ကုန်နဲ့ မန္တလေးတို့မှာ ရှိတဲ့ ပါတီဝင် မိသားစုတွေအနေနဲ့ မိမိတို့ပါတီရဲ့ အကြီးအကဲနဲ့ တွေ့ဆုံပြီး မိမိတို့ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို တင်ပြဆွေးနွေးခွင့်ရလို့ ကျေနပ်နှစ်သိမ့်မှု ရကြမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။ ဦးခင်ရီ ဥက္ကဋ္ဌ အဖြစ် တာဝန်လွှဲပြောင်းပြီး သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့တဲ့ အကြမ်းဖက်အန္တရာယ်တွေကို နည်းလမ်းပေါင်းစုံနဲ့ ကာကွယ်သွားမယ်၊ တုန့်ပြန်ဖို့ အခွင့်သာရင် တုန့်ပြန်သွားမယ်ဆိုတဲ့ စကားကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ အကြမ်းဖက်နှိမ်နင်းရေးအတွက် ပြည်သူ့စစ်အဖွဲ့များကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးက မှတ်ချက်ပြုခဲ့တာကတော့ "လုပ်သင့်တာ ကြာပါပြီ" လို့ မှတ်ချက်ပြုထားခဲ့ပါတယ်။


အထူးအားဖြင့် NLD အစွန်းရောက်တွေက CRPH, NUG, PDF အကြမ်းဖက်အဖွဲ့တွေ ဖွဲ့စည်းပြီး KNU, KNLA, KIA တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ ဆူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေ လုပ်ဆောင်လာပြီး အဓိကအားဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။ အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူများစာရင်းမှာ ပြည်ခိုင်ဖြိုးပါတီဝင်ဟာ အများဆုံးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ စစ်ကိုင်းတိုင်းဒေသကြီးလို နေရာမျိုးမှာတော့ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ CRPH, NUG, PDF နဲ့ ပူးပေါင်းပြီး KIA အဖွဲ့က အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့အတွက် သေဆုံးမှု အများဆုံး၊ တည်ငြိမ်အေးချမ်းမှု ကင်းမဲ့လွန်းတဲ့ ဒေသဖြစ်နေပါတယ်။ 


ဒီလို အကြမ်းဖက်ဘေးအန္တရာယ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ ဒေသက ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ ခေါင်းဆောင်ရှေ့မှာ မိမိတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ရင်ဖွင့် ပြောကြားလိုကြမှာ အမှန်ပါပဲ။ သူတို့ရဲ့ ရင်တွင်းစားချက်တွေက ချိုမြိန်မှာတော့ မဟုတ်ပါဘူး။ ရင်နင့်အမျှ ခံစားခဲ့ရတဲ့ သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အကြမ်းဖက်အန္တရာယ်တွေက ဆိုးရွားရက်စက်ယုတ်မာလွန်းလို့ပဲ ဖြစ်ပါတယ်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီအနေနဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကို အဆိုးဆုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် တို့မှာ ပါတီဝင်များကိုသာ မက ဝန်ရံအားပေးကြတဲ့ ရဟန်းရှင်လူပြည်သူများရဲ့ ကြုံတွေ့နေရတဲ့ စားဝတ်နေရေးအခက်အခဲ၊ ပြည်လည်အခြေချနေထိုင်နိုင်ရေး အပြင် လူမှုဒုက္ခအဖုံဖုံကို  အတတ်နိုင်ဆုံး ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါစေကြောင်း ။  ။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)