မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုဒုံမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲ အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်






MNP ၊ အောက်တိုဘာ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊  အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (မုဒုံမြို့)တွင်  အဆင့်မြင့်အိမ်တွင်း မှုစက်ချုပ်သင်တန်း အမှတ်စဉ်(၄) သင်တန်းဆင်းပွဲ  အခမ်းအနားကို  ယနေ့နံနက်  ၈ နာရီက  အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။


အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်းက နိုင်ငံတော်ကြီးဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြည်ထောင်စုအတွင်းရှိ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ တစ်ဦးချင်းစီ အသိပညာ၊ အတတ်ပညာများ တတ်မြောက်ပြီး အရည်အသွေးပြည့်ဝစေရန် လိုအပ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၏  ရည်မှန်းချက် တာဝန် (၂)ရပ်ဖြစ်သည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့်  နယ်စပ်ဒေသနေ တိုင်းရင်းသားလူငယ်များ၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ခေတ်အဆက်ဆက် ပညာသင်ယူမှု အခွင့်အလမ်းနည်းပါးသည့် နယ်စပ်ဒေသမှ လူငယ်များအတွက် ပညာသင်ယူနိုင်ရန် ရည်ရွယ်ပြီး နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းများ ဖွင့်လှစ်ကာ အခြေခံပညာ သင်ယူနိုင်အောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မွန်ပြည်နယ်တွင် လူငယ်သင်တန်းကျောင်း (၂)ကျောင်းကို သထုံမြို့နှင့်ရေးမြို့တို့တွင် ဖွင့်လှစ်ထားပြီး ပြည်နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ ပညာဆည်းပူးသင်ယူလျက်ရှိကြောင်း၊ အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်း (၂)ကျောင်းကို မုဒုံမြို့နှင့်ရေးမြို့တို့တွင် ဖွင့်လှစ်ထားရှိပြီး တိုင်းရင်းသူများကို အဆင့်မြင့်စက်ချုပ်နှင့် အိမ်တွင်းမှုဘာသာရပ်များ သင်ကြားပို့ချပေးလျက်ရှိကြောင်း၊ မိမိယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်လာများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြစေလိုကြောင်း၊ သင်တန်းမှ သင်ကြားပေးလိုက်သော  အသက်မွေးဝမ်းကျောင်း ပညာများကို လက်တွေ့အသုံးချကာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ ထူထောင်၍ မိမိပတ်ဝန်းကျင်တွင် ပြန်လည်ဆင့်ပွားပေးကြကာ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌  တစ်ဖက်တစ်လမ်းမှ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။


ဆက်လက်၍  မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုးမှ  ထူးချွန် ဆုရသင်တန်းသူတစ်ဦးအား ထူးချွန်ဆုပေးအပ်ချီးမြှင့်ခဲ့ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်မှ သင်တန်းဆင်းအောင် လက်မှတ်များပေးအပ်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။  ထို့နောက်  သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်လာသည့်  မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဧည့်သည်တော်များက  ခင်းကျင်းပြသထားသည့်  သင်တန်းသူများ၏ လက်ရာအဝတ်အထည်နှင့် လက်မှုအနုပညာပစ္စည်းများအား လိုက်လံ ကြည့်ရှုအားပေးခဲ့သည်။


မုဒုံမြို့  အမျိုးသမီးအိမ်တွင်းမှု  သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းကို  ၂၀၀၅ ခုနှစ်  မေလ ၁၆ ရက်နေ့မှ  စတင်ဖွင့်လှစ်ခဲ့ရာ  အခြေခံအိမ်တွင်းမှုသင်တန်း  တက်ရောက်ပြီးသူ ၁၆၈၂ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၄၄၆ ဦး၊ ကြိမ်/ ဝါးသင်တန်း တက်ရောက်ပြီးသူ ၃၇ ဦး၊ ဟင်းလျာသင်တန်း တက်ရောက်ပြီးသူ၉ ဦး၊ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းတက်ရောက်ပြီးသူ ၁၄၄ ဦးနှင့် မွန်ရိုးရာ လက်ရက်ကန်းသင်တန်း တက်ရောက်ပြီးသူ ၇၄ ဦး စုစုပေါင်း သင်တန်းသူ ၂၃၉၂ ဦးကို သင်ကြားမွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် ယနေ့ပြုလုပ်သည့် သင်တန်းတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းသူ(၃၅)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလ (၂၂ ) ပတ်ကြာ  ပို့ချသင်ကြားပေးခဲ့ကြောင်း သိရသည်။


သားငယ် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)