ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ တက်ရောက်

 



MNP - အောက်တိုဘာ  ၄


ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။


သင်တန်းဖွင့်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူငယ်များအတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ တိုင်းရင်းသားရေးရာဝန်ကြီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာသင်တန်းဖွင့်ပွဲတွင် အမှာစကားပြောကြားခွင့်ရရှိသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ရခိုင်ပြည်နယ်တွင် ရခိုင်လူမျိုးများနှင့်အတူ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ ကမန်၊ မရမာကြီးနှင့် ချင်းတိုင်းရင်းသားများအတူတကွ နေထိုင်ကြပါကြောင်း၊ မြန်မာနိုင်ငံကို ကြည့်လျင်လည်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးစုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည့်အတွက်ကြောင့် တိုင်းရင်းသားရေးရာကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ တိုင်းရင်းသားများအားလုံး တန်းတူညီမျှသော အခွင့်အရေးရရှိပြီး တန်းတူညီမျှဖွံ့ဖြိုးတိုးတက်မှသာ တိုင်းဒေသကြီး၊ ပြည်နယ်များနှင့်အတူ မြန်မာတစ်နိုင်ငံလုံးတိုးတက်၊ ငြိမ်းချမ်းသာယာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ပြီး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆောင်ရွက်သွားရန် အထူးလိုအပ်ပါကြောင်း၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မျက် မှောက်ကာလမှာ ကမ္ဘာပေါ်တွင် IT နည်းပညာသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လူမှုဘဝ မြှင့်တင်ရေး၊ နိုင်ငံတော်ကာကွယ်ရေးစသည့် အနာဂတ်စီမံကိန်းများအပါအဝင် ကိစ္စရပ်တိုင်းတွင် လျှင်မြန်လွယ်ကူအဆင်ပြေစေရန်အတွက် မရှိမဖြစ်အရေးပါသော ပညာရပ်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားလူငယ်တိုင်း အခြေခံကွန်ပျူတာပညာရပ်ကို သင်ယူတတ်မြောက်ကြရန် လိုအပ်ပါကြောင်း၊ ယခုသင်ပေးလိုက်သည့် အခြေခံကွန်ပျူတာသင်တန်း တက်ရောက်ပြီးနောက်ပိုင်းတွင် မိမိတို့ဆောင်ရွက်မည့်၊ သင်ကြားမည့် အဆင့်မြင့်ဘာသာရပ် လုပ်ငန်းများဆိုင်ရာ အဆင့်မြင့်ကွန်ပျူတာ နည်းပညာများကို ဆက်လက်သင်ယူကြရန် တိုက်တွန်းလိုကြောင်း၊ အတတ်ပညာကို သင်ယူရာတွင်လည်း စနစ်တကျ တလေးတစားကြိုးစားလိုက်နာ သင်ယူကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ ယခုကွန်ပျူတာတက္ကသိုလ်ကပို့ချသော အခြေခံကွန်ပျူတာသင်တန်းတွင် ထူးချွန်သင်တန်းသား၊ သင်တန်းသူများကို စိစစ်ရွေးချယ်ပြီး ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုသင်ကြားရမည့်အခြေခံကွန်ပျူတာ သင်တန်းကို အထူးကြိုးစားသင်ယူကြရန် တိုက်တွန်း ပြောကြားသည်။


ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက သင်တန်းဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုများအားလည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်(စစ်တွေ)၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဇော်ထွန်းက သင်တန်းတွင်သင်ကြားပေးမည့်အစီအစဉ်များအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။


ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက တိုင်းရင်းသားလူငယ်များ ကွန်ပျူတာ သင်ကြားနိုင်ရန်အတွက် ထောက်ပံ့ငွေကျပ် ၈၃၅၀၀၀၀ အားလည်းကောင်း၊ တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦးက မှတ်စုစာအုပ်နှင့် စာရေးကရိယာများအားလည်းကောင်း ထောက်ပံ့ပေးအပ်ကြပြီး သင်တန်းသား၊ သင်တန်းသူ တိုင်းရင်းသားများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။


အဆိုပါသင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များမှ တိုင်းရင်းသား၊ တိုင်းရင်းသူ ၄၀ ဦး တက်ရောက်ကြပြီး ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)သင်တန်းခန်းမတွင် တက္ကသိုလ်မှ ဆရာ၊ ဆရာမများက စာတွေ့လက်တွေ့ တစ်လကြာသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)