MNP - အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ နေကြာဆီထွက်သီးနှံစိုက်ပျိုးသော တောင်သူများအနေဖြင့် လိုအပ်သည့်မျိုးစေ့နှင့် စိုက်ပျိုးရေးသွင်းအားစုများ ဝယ်ယူသုံးစွဲနိုင်ရန်ရည်ရွယ်၍ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ)ရန်ပုံငွေများ ထုတ်ချေးပေးခြင်းနှင့် နေကြာမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်ပွဲကို ယမန်နေ့ နေ့လည် ၂ နာရီက ဝက်တိုးကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ပေါက်ခေါင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးဇော်က မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ရန်ပုံငွေများ ထုတ်ချေးပေးရခြင်းနှင့်ပက်သက်၍ ရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ ကျပ်သိန်း ၁၀၀ ကို ဝက်တိုးကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာမြစိမ်းရောင် စီမံကိန်းလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ထံသို့လွှဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် နေကြာဆီထွက် သီးနှံစိုက်ပျိုးမည့် တောင်သူများထံသို့ ရတနာရေ ဆင်းစပ်မျိုးနေကြာ-၁ နေကြာမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာများကို ဌာနဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။ အဆိုပါ နေကြာဆီထွက်သီးနှံစိုက်ပျိုးမည့် ဝက်တိုးကျေးရွာမှ တောင်သူ ၅၂ ဦး၏ လယ်ယာမြေ ၆၆ ဧကအတွက် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment