နဝမအကြိမ်မြောက် သံတွဲမြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နဝမအကြိမ်မြောက် သံတွဲမြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲကျင်းပ






                            

MNP ၊ အောက်တိုဘာ ၁၆

သံတွဲမြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီမှ  ကြီးမှူးကျင်းပသည့်  ၂၀၂၂ ခုနှစ်၊ ကမ္ဘာဆရာများနေ့အထိမ်းအမှတ် နဝမအကြိမ်မြောက် သံတွဲမြို့နယ်လုံးဆိုင်ရာမြတ်ဆရာ ပူဇော်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက သံတွဲမြို့ အထကခွဲ(မြို့မ)ကျောင်း၌ကျင်းပပြုလုပ်ရာ အသက်(၇၀)နှစ်နှင့်အထက် ကန်တော့ခံဆရာကြီး ၊ဆရာမကြီး(၁၁၁)ဦး တက်ရောက်အပူဇော်ခံခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြတ်ဆရာပူဇော်ပွဲကို အိုဘယ့်မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုပူဇော်ဖွင့်လှစ်ခဲ့ကြသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌကိုယ်စား အဖွဲ့ဝင်(၂)ဦးလှဟန်က အဖွင့်အမှာစကားပြောကြားသည်။ထို့နောက် သံတွဲမြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးကိုဦးဆောင်ခဲ့သူ ဆရာကြီးဦးအောင်သန်းမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်သိန်းတင်နှင့် တာဝန်ရှိသူများက မြတ်ဆရာပူဇော်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်၊  ပူဇော်ပွဲ ဖြစ်မြောက်ရေးဆောင်ရွက်မှုအခြေအနေများနှင့် ရန်ပုံငွေရရှိ/ သုံးစွဲမှုအခြေအနေများကိုရှင်းလင်းပြောကြားခဲ့သည်။

ပြီးနောက် ကျောင်းသား၊ ကျောင်းသူဟောင်းများက အသက်(၇၀)နှစ်နှင့်အထက် ကန်တော့ခံဆရာကြီး ၊ဆရာမကြီးများ၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာညာဂုဏ်တို့အား  ကန်တော့ချိုးကိုသံပြိုင်ညီညာရွက်ဆို၍ လက်ဆယ်ဖြာဆယ်ဖြာထိပ်မှာမိုးကာ ဦးနှိမ်မာန်ချ ကန်တော့ခဲ့ကြပြီး ကန်တော့လက်ဆောင်များကိုပေးအပ်ခဲ့ကြရာ ဆရာကြီးများကိုယ်စား အငြိမ်းဆရာကြီးဦးသုခ နှင့် ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာမ ဒေါ်တင်တင်နုတို့က ဆုံးမဩဝါဒစကားများပြောကြားခဲ့ကြသည်။

ဆက်လက်၍ ၂၀၂၂ ခုနှစ်၊  အောက်တိုဘာ (၅)ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာဆရာများနေ့အထိမ်းအမှတ် အလယ်တန်း၊ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရှိသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊  အဖွဲ့ဝင်(၂)ဦးလှဟန်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊  အဖွဲ့ဝင်(၂)ဒေါက်တာစိုးမြင့်၊ အငြိမ်းစားပြည်နယ်ပညာရေးမှူး ဦးအောင်သန်းမြင့် ၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်စန်းမောင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြင့်ပေးခဲ့ကြသည်။

သံတွဲမြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ရာယခုနှစ်တွင် နဝမအကြိမ်သို့ ရောက်ရှိခဲ့ပြီး သံတွဲမြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် ကန်တောခံဆရာကြီး၊ ဆရာမကြီး(၁၅၈)ဦးကို ဖိတ်ကြားခဲ့ရာ (၁၁၁)ဦးတက်ရောက်အပူဇော်ခံခဲ့ကြပြီး မတက်ရောက်နိုင်သော ဆရာကြီး၊ ဆရာမကြီးများအား အိမ်တိုင်ရာရောက်သွားရောက်ကန်တော့မှာဖြစ်ကာ ယခုနှစ်တွင် ဆရာတစ်ဦးလျင် ပူဇော် ကန်တော့ငွေ ကျပ်တစ်သိန်းတိတိကန်တော့နိုင်ခဲ့ကြောင်းနှင့် သံတွဲမြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲကို နှစ်စဉ်ဆက်လက် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သံတွဲမြို့နယ်လုံးဆိုင်ရာ မြတ်ဆရာပူဇော်ပွဲဖြစ်မြောက်ရေး ကော်မတီ ထံမှသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)