ကျောက်ဖြူမြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ပေါ်တော်မူကံ့ကော်တောဘုရားသို့ ဥပုဒ်သီလဆောက်တည်ရန်လာသူများ၊ ဘုရားဖူးလာသူများဖြင့် အထူးစည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့တွင် သီတင်းကျွတ်လပြည့် အဘိဓမ္မာနေ့၌ ပေါ်တော်မူကံ့ကော်တောဘုရားသို့ ဥပုဒ်သီလဆောက်တည်ရန်လာသူများ၊ ဘုရားဖူးလာသူများဖြင့် အထူးစည်ကား



MNP - အောက်တိုဘာ   ၉


၁၃၈၄ ခုနှစ်၊ သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာနေ့တွင် ကျောက်ဖြူမြို့၊ ဂုံးချွိန်ကျေးရွာရှိ သမိုင်းဝင်ဆုတောင်းပြည့်တန်ခိုးကြီးဘုရားဖြစ်သော ပေါ်တော်မူကံ့ကော်တောဘုရား၌ ဥပုဒ်သီလဆောက်တည်ရန် လာရောက်ကြသူများ၊ ဘုရားဖူးလာရောက်ကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။


ထိုသို့ သီလဆောက်တည်ရန်လာရောက်သူများနှင့် ဘုရားဖူးလာရောက်ကြသူများမှာ ယနေ့ နံနက် ၆ နာရီခန့်ကပင် အဆိုပါဘုရားရင်ပြင်ပေါ်၌ သီလခံယူဆောက်တည်ခြင်း၊ ဘုရားဆင်းတုတော်အား ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်း၊ ဘုရားပန်း၊ ဆီမီး၊ ရေချမ်းကပ်လှူပူဇော်ခြင်း၊ အဓိဌာန်ပုတီးစိုက်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ အလားတူ သမိုင်းဝင်ကျောက်တစ်လုံးဘုရားနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဘုန်းတော်ကြီးကျောင်းများတွင်လည်း ဥပုဒ်သီလဆောက်တည်သူများပြားလျက်ရှိပြီး ရပ်ကွက်အချို့တွင် စတုဒီသာအလှူပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြသည်။


အဆိုပါ သမိုင်းဝင်တန်ခိုးကြီးကံ့ကော်တောဘုရားမှာ ပေါ်တော်မူဆုတောင်းပြည့်ဘုရားဖြစ်ပြီး ကံ့ကော်ပင်များစွာရှိသည့်တောအုပ်တွင် ကိန်းဝပ်စံပါယ်တော်မူရာမှအစွဲပြု၍ ကံ့ကော်တောဘုရားဟု ခေါ်ဆိုလာကြသည်။ ၎င်းဘုရားသို့ ဘုရားဖူးလာရောက်သူများ စိတ်ချမ်းမြေ့စွာဖူးမျော်နိုင်ရန်အတွက် ဘုရားပရဝုန်အတွင်းအပြင် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးများပြုလုပ် ဆောင်ရွက်ထားရှိပြီးကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဘုရားဖူးလာပြည်သူများအတွက် ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။


သတင်း - တင်ထွန်းဦး၊ ဖြိုးဝေလင်း 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)