ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား မိုးရာသီ ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား မိုးရာသီ ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ  ၈


ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်မြို့နယ် ဘောလုံးအားကစားကွင်း၊ သုမင်္ဂလာ၌ ကျင်းပရာ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဖျော်ဖြေရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများ၊ အုပ်ချုပ်သူ ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အသင်းအုပ်ချုပ်သူများ၊ အားကစားချစ်မြတ်နိုးသူ ဒေသခံပြည်သူများ စုစုပေါင်း အင်အား (၁၂၀၀) ဦးခန့် တက်ရောက် ပြီး ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် ဗိုလ်လုပွဲစဉ်တွင် ရပ်ကွက်ကြီး (၂) အမျိုးသားဘောလုံးအသင်းနှင့် ရပ်ကွက်ကြီး (၈-က) အမျိုးသားဘောလုံး အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရပ်ကွက်ကြီး (၂) အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။


ယင်းနောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများ ချီးမြှင့်ကြရာ ပွဲစဉ်တစ်လျှောက် ဂိုးသမား အကောင်းဆုံးဆု၊ အနောက်တန်း/အလယ်တန်း/ အရှေ့တန်း အကောင်းဆုံး အားကစား သမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ဘောလုံးသမားဆု ရရှိသူများအား ဆုတံဆိပ်နှင့် ငွေသား ငါးသောင်းကျပ်စီအားလည်းကောင်း၊ ပြိုင်ပွဲတွင် တတိယဆု ပူးတွဲရရှိသည့် အသင်း များအား ဆုတံဆိပ်နှင့် ငွေသားဆုကျပ် (၅) သိန်းစီကို  မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဝင်းနှင့် မြို့နယ်လဝကမှူး ဦးစောဝဏ္ဏ တို့ကလည်းကောင်း၊ ဒုတိယဆု ရရှိခဲ့သည့် ရပ်ကွက်ကြီး (၈-က) အသင်းအား ဆုတံဆိပ်နှင့် ငွေသားဆု ကျပ် (၁၀)သိန်းကို   မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဦးသောင်းမြင့်သိန်းကလည်းကောင်း၊ ပထမဆုရရှိသည့် ရပ်ကွက်ကြီး(၂)အသင်းအား ဆုတံဆိပ်၊ ဖလားနှင့် ငွေသားဆုကျပ် (၁၅) သိန်းကို  ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်ကလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပြီး သရုပ်ပြဖျော်ဖြေရေး အဖွဲ့များ ဖြစ်သည့် ဘင်ခရာအဖွဲ့၊ ပန်းပွါးအဖွဲ့၊ အေရိုးဗစ်အဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအား ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြကာ အားကစား သမားများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။


ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ ရပ်ကွက်/ကျေးရွာ ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာလ ၄ ရက်မှ အောက်တိုဘာလ ၇ ရက်နေ့ထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်းပေါင်း (၃၂) သင်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သိရသည်။


သတင်း - ဖြူလူသစ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)