ဒူဘိုင်းသံအမတ်ကြီးနှင့်တကွ တာဝန်ရှိသူများ အနေဖြင့် သနားညှာတာစွာဖြင့် မြန်မာပြည်ပြန်လည်ပို့ဆောင်ပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒူဘိုင်းသံအမတ်ကြီးနှင့်တကွ တာဝန်ရှိသူများ အနေဖြင့် သနားညှာတာစွာဖြင့် မြန်မာပြည်ပြန်လည်ပို့ဆောင်ပေးနိုင်ပါရန် မေတ္တာရပ်ခံခြင်း (အိတ်ဖွင့်ပေးစာ)



ကျွန်မ မသဉ္ဇာမိုးသည် မိမိထံတွင် ကိုယ်ပိုင်ပတ်စ်ပို့နှင့် ကျန်းမာရေးဆေးစစ်မှတ်တမ်းများ ရှိသဖြင့် ဒူဘိုင်းနိုင်ငံတွင် အိမ်အကူအလုပ် လုပ်ကိုင်ရန်အတွက် ရန်ကုန်မြို့ရှိ မော်နီကာအေးဂျင့်ဆီသို့ ဆက်သွယ်ခဲ့ပါသည်။

ထိုအခါ မော်နီကာအေးဂျင့်ပိုင်ရှင် ဇနီးမောင်နှံက ဒူဘိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်ရန် အဆင်ပြေကြောင်း၊ အလုပ်ဝင်ပြီး၍ အဆင်ပြေလျှင် ဝန်ဆောင်ခ AED ၂၀၀၀ သာပေးရန် ပြန်လည်ကမ်းလှမ်းခဲ့ပါသည်။ ထို့နောက် (၂၈-၅-၂၀၂၂) ရက်နေ့တွင် မော်နီကာ အေးဂျင့်မှ ဒူဘိုင်းနိုင်ငံသို့ သွားရောက်ရတော့မည်ဟု ဖုန်းဆက်ပြောကြားသဖြင့် ပတ်စ်ပို့နှင့် စာရွက်စာတမ်းများ အပ်နှံခဲ့ပါသည်။ ထိုနေ့ညမှာပဲ အဆောင်မှာ လာအိပ်ခိုင်းသောကြောင့် ဆူးလေ (၃၅)လမ်း၊ (၁၂၈/၁၃၀) ရှိရာသို့ သွားရောက်ခဲ့ရပါသည်။


၂၈-၅-၂၀၂၂ ရက်နေ့ ည (၁၂ ၀၀)နာရီခန့်မှာပင် ဒူဘိုင်းနိုင်ငံတွင် အလုပ် လုပ်ရန်အတွက် (၂)နှစ် စာချုပ် ချုပ်ဆိုပြီး ကျွန်မထံရှိ နိုင်ငံသားစိစစ်ရေးကတ်ကိုလည်း ထပ်မံသိမ်းဆည်းသွားခဲ့ပါသည်။ ထိုသို့ ချုပ်ဆိုခဲ့ရသည့် (၂)နှစ် စာချုပ်ကိုလည်း ကျွန်မတို့ဘက်က မလိုလားလှသော်လည်း အလုပ် လုပ်မည်ဆိုလျှင် ဤသို့ စာချုပ် ချုပ်ဆိုပြီး လက်ဗွေနှိပ်ပါမှ အလုပ်ရမည်ဆိုသဖြင့် မဖြစ်မနေ ချုပ်ဆိုခဲ့ရခြင်း ဖြစ်ပါသည်။ 

အေးဂျင့်၏ လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ သံသယရှိလာသဖြင့် ထိုစာချုပ်ကို အေးဂျင့်ထံသို့ မအပ်ဘဲ သိမ်းဆည်းထားခဲ့ပါသည်။ ထိုစာချုပ်လည်း ကျွန်မထံတွင် ရှိပါသည်။ 


၂၉-၅-၂၀၂၂ ရက်နေ့ နံနက်(၄ ၀၀)နာရီတွင် မော်နီကာအေးဂျင့် ဇနီးမောင်နှံကိုယ်တိုင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပို့ဆောင်ပေးခဲ့ပါသည်။ တိုက်ရိုက်လေယာဉ်ဖြစ်သဖြင့် ၂၉-၅-၂၀၂၂( တနင်္ဂနွေနေ့) ညနေ ဒူဘိုင်းစံတော်ချိန် ( ၃ ၃၀) တွင် ဒူဘိုင်းလေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။ ကျွန်မနှင့်အတူ မော်နီကာ အေးဂျင့်မှ မိန်းခလေး (၃၀)ယောက် ပါခဲ့ပါသည်။ ကျွန်မတို့ကို လာကြိုပေးသူ ဒူဘိုင်းအေးဂျင့်မှ မြန်မာစကားပြန် ကိုယ်စားလှယ် ဒေါ်မူမူကျော် ဆိုသည့် အမျိုးသမီး ဖြစ်ပါသည်။ ဒေါ်မူမူကျော် က သမီးတို့ နေရမယ့် အဆောင်ကို လိုက်ပို့ပေးမည်ဟု ပြောပြီး TAD BEER ကုမ္ပဏီတံဆိပ်ပါ ကားတစ်စီးဖြင့် သုံးထပ်တိုက်တစ်ခုသို့ ခေါ်သွားခဲ့ပါသည်။ ထိုသုံးထပ်တိုက်ရှေ့ မျက်နှာစာတွင် ရေးထိုးထားသည်မှာ 25574-91815 ဂျွန်မေတာ ဖြစ်ပါသည်။ ထိုတိုက်ထဲသို့ ဝင်ရောက်ပြီး ဖိနပ်ချွတ်အရောက်မှာပဲ ဒေါ်မူမူကျော် က ကျွန်မတို့၏ ပတ်စ်ပို့စ်၊ ဖုန်းများကို သိမ်းဆည်းသွားခဲ့ပါသည်။ ဤသို့ ကျွန်မတို့၏ ဖုန်းများကို သိမ်းဆည်းမည်ဆိုသည်ကို မသိရှိခဲ့ရကြောင်း ပြောသည့်အခါ ဒေါ်မူမူကျော်က ထိုဖုန်းများကို အိမ်ရှင်ဝင်သည့် အချိန်တွင် ပြန်ပေးမည်ဟု ပြောခဲ့ပါသည်။

၁၇-၆-၂၀၂၂ ရက်နေ့တွင် အဘူဒါဘီ၊ (-)လမ်း၊ အိမ်အမှတ် (၂၄)သို့ အလုပ် လုပ်ရန် ရောက်ရှိခဲ့ပါသည်။ အိမ်ရှင်က ကျွန်မကို "နင့်ကို AED 13000 + ကယ်ရီခ 300 နဲ့ နင့်ကိုဝယ်ထားတာ" ဟု ပြောခဲ့သဖြင့် ငိုခဲ့ရပါသည်။ ယခင်နေ့ရက်များက ဒေါ်မူမူကျော် ပြောခဲ့သလို ကျွန်မကို အိမ်ရှင်က ဖုန်းမပေးခဲ့ပါ။ "နင့်ကို နင့်ရုံးက ဖုန်းမပေးခိုင်းထားဘူး" ဟု ပြောသဖြင့် ရန်ကုန်မှ မိသားစုများနှင့် ရက်အတော်ကြာ အဆက်အသွယ် ပြတ်တောက်ခဲ့ရပါသည်။ အလုပ် လုပ်ရသည့် အိမ်တွင် မနက် (၆)နာရီမှ ည(၂)နာရီအထိ အလုပ် လုပ်ပေးနေရပါသည်။ နေ့စဉ် ထမင်းတစ်နပ်သာ ကျွေးပါသည်။ အိမ်ရှင်များ၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ဒူဘိုင်းအေးဂျင့်နှင့် မြန်မာနိုင်ငံမှ မော်နီကာ အေးဂျင့်များသို့ ဆက်သွယ်ခဲ့သော်လည်း "နင်တို့ သောက်ပျင်းကြီးပြီး အလုပ် မလုပ်ချင်တိုင်း ကွန်ပလိန်းမတက်နဲ့" လို့ ဒေါ်မူမူကျော် က ပြောဆိုပြီး ဖုန်းချသွားခဲ့ပါသည်။ ထိုအိမ်တွင် ကျွန်မနှင့်အတူ အိမ်အကူတစ်ဦး ရှိပါသေးသည်။ 


၃-၇-၂၀၂၂ ရက်နေ့တွင် အလုပ် လုပ်ကိုင်နေစဉ် အချိန်မှာပဲ ပင်ပန်းလွန်းပြီး မူးမေ့ လဲကျခဲ့ပါသည်။ အိမ်ရှင်မိသားစုက ကျွန်မ ရုပ်ပိုင်းဆိုင်ရာထိခိုက် မကျန်းမာသည်ကို သိရှိသဖြင့် ကျွန်မ မြန်မာနိုင်ငံသို့ ပြန်၍ ဆေးကုသနိုင်ရန် ကျွန်မအတွက် မြန်မာပြည် ပြန်ရန် ဟု မှတ်ချက်ရေး၍ ဒူဘိုင်းအဆောင်သို့ ပြန်ပို့ပေးခဲ့ပါသည်။ ကျွန်မ အလုပ် လုပ်ခဲ့ရသည့် လုပ်အားခငွေ (၁၇) ရက်စာကိုလည်း နောက်တစ်ကြိမ် အိမ်ရှင်ပြန်ဝင်သည့်အခါမှ ထည့်ပေးမည်ဟု အေးဂျင့်က ပြောသဖြင့် မြန်မာနိုင်ငံသို့ မပြန်နိုင်သေးဘဲ နောက်ထပ် အိမ်ရှင်အသစ် ပြန်ရဖို့ကိုသာ မျှော်လင့်ခဲ့မိပါသည်။


ကျွန်မတို့ကို အဆောင်မှ ကျွေးသော တစ်နေ့ထမင်းနှစ်နပ်မှာလည်း အဟာရပြည့်မီခြင်း မရှိသည့်အတွက် ဘဝတူ အိမ်အကူ Come Back မိန်းခလေးများက ကျွန်မကျန်းမာရေးကို ဝိုင်းဝန်းကူညီ စောင့်ရှောက်ပေးခဲ့ပါသည်။

ကျွန်မလည်း အလုပ် ပြန်ရနိုးနိုးနှင့် စောင့်စားနေခဲ့ရာမှ ၂၈-၇-၂၀၂၂ ရက်နေ့တွင် Sharjah ရှိ ဟိုတယ်တစ်ခုမှ ဆယ်လွှာ (၁၀၁၄) သို့ ပို့ဆောင်ခံရပြီး တိုက်ပိတ်ခံခဲ့ရပါသည်။ ထိုအခန်းမှာ ဗီဇာကုန်နေသူများကို သီးသန့်ထားသော တိုက်ခန်း ဖြစ်ပါသည်။ ဖိလစ်ပိုင်အမျိုးသမီးတစ်ယောက်က အဆောင်မှူးအဖြစ် အုပ်ချုပ်ပေးပါသည်။ ထိုနည်းတူ မြန်မာစကားပြန်အဖြစ် ဒေါ်မူမူကျော် ၏ လက်ထောက်ဖြစ်သူ ချင်းလူမျိုး မိုးသူဇာ ဆိုသူလည်း ရှိပါသည်။ တိုက်ပိတ်ခံထားရသော ကျွန်မတို့သည် မိုးသူဇာနှင့် အတူ အလှည့်ကျ ထမင်းဘူး သွားယူရပါသည်။ နေ့စဉ် မျက်နှာချင်းဆိုင်တိုက်ခန်းတွင် မနက်+ ည ထမင်းဘူးသွားယူချိန်တွင် အဆောင်မှူး ဖိလစ်ပိုင်အမျိုးသမီးက သော့ဖွင့်ပေးပါသည်။


၈-၉-၂၀၂၂ ရက်နေ့ ညစာ သွားယူချိန်တွင် ထိုအဆောင်မှူး ဖိလစ်ပိုင်အမျိုးသမီးက နေမကောင်းသဖြင့် သူကိုယ်တိုင် သော့လိုက်ဖွင့်မပေးဘဲ ကျွန်မတို့ထံသို့ အခန်းသော့ပေးပြီး အလှည့်ကျသူများကို ထမင်းဘူးသွားယူခိုင်းပါသည်။ ကျွန်မနှင့်အတူ တိုက်ပိတ်ခံထားရသည့် မိန်းခလေး (၅)ယောက်မှာလည်း အခန်းတံခါးသော့ လက်ထဲရောက်လာသည်နှင့် ဘာကိုမျှ မတွေးတော၊ မစဉ်းစားနိုင်တော့ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနှင့် လွတ်မြောက်အောင် ထွက်ပြေးခဲ့ကြပါသည်။ ထို့ကြောင့် ထိုတိုက်ခန်းသော့မှာလည်း ကျွန်မတို့နှင့်အတူ တပါတည်း ပါလာခဲ့ပါသည်။ ထိုသို့ ထွက်ပြေးရခြင်းမှာ တိုက်ပိတ်ခံထားရချိန်တွင် အစာရေစာဝလင်အောင် မကျွေးခြင်း၊ (၂)နှစ် စာချုပ်ဖြင့် ခေါ်ယူထားပြီး တာဝန်မဲ့စွာဖြင့် ဗီဇာသက်တမ်းမတိုးပေးခြင်း၊ မြန်မာစကားပြန် ဒေါ်မူမူကျော်က နေ့စဉ်နေ့တိုင်းလိုလို အဆောင်မှူး ဖိလစ်ပိုင်အမျိုးသမီး၏ ဖုန်းသို့ ကျွန်မတို့ ဗီဇာကုန်နေပြီမို့ US $ 2000 တောင်းယူ အကြမ်းဖက်ခြင်းတို့ကြောင့် ဖြစ်ပါသည်။ ကျွန်မ မိသားစုအနေဖြင့် ထိုလျော်ကြေးငွေကို ပေးဆောင်နိုင်ခြင်းမရှိကြောင်း၊ ဒူဘိုင်းနိုင်ငံသို့ အိမ်အကူအဖြစ် လာရောက်စဉ်အချိန်မှာလည်း စာချုပ်ထဲတွင် US $ 2000 ပေးလျော်ရမည်ဟု မပါရှိကြောင်း ပြောပြီး အလုပ် လုပ်ရန် လာသူမို့ အလုပ်ရရှိရေးသာ ဦးတည်၍ မကြာခဏ အလုပ်ပြန်တောင်းခဲ့ပါသည်။


၂၂-၈-၂၀၂၂ ရက်နေ့တွင် ဒေါ်မူမူကျော်က အဆောင်မှူး ဖိလစ်ပိုင်အမျိုးသမီး၏ ဖုန်းသို့ ဆက်သွယ်၍ "နင်တို့ ဗီဇာကုန်နေပြီ ဆိုပေမယ့် ငါတို့က သနားစာနာတဲ့အနေနဲ့ အိုမန်နိုင်ငံကို ပို့ပေးမယ်။ လစာက တစ်လဆယ်သိန်းကျော် ရမှာမို့ နင်တို့ မိသားစုလည်း အဆင်ပြေမယ်။ ဘယ်အချိန်မေး မေး နင်တို့အားလုံး အိုမန်မှာပဲ အလုပ် လုပ်မယ်လို့ ပြောရမယ်နော်" ဟု ပြောဆိုခဲ့ပါသည်။


US $ 2000 ပေးချေ၍ မြန်မာနိုင်ငံသို့ မပြန်နိုင်သေးသည့် ကျွန်မတို့မှာ ရွေးချယ်စရာလည်း မရှိသဖြင့် ဒေါ်မူမူကျော် ပြောဆိုစည်းရုံးသမျှကို ယုံကြည်အားကိုး ခဲ့ရပါသည်။

ထိုမျှမကသေး ဒေါ်မူမူကျော်၏ လက်ထောက်ဖြစ်သူ မိုးသူဇာ က အိုမန်နိုင်ငံသို့ သွားရောက်ရန် ဆန္ဒမရှိသည့် ကျွန်မတို့ကို ချော့တစ်ခါ၊ ခြောက်တစ်လှည့်ဖြင့် နင်တို့ ဘာမှစိတ်ပူစရာ မရှိဘူး၊ အိုမန်နိုင်ငံကို ပို့မယ်ဆိုပေမယ့် မြန်မာနိုင်ငံကို ပြန်ချင် ပြန်ရမှာမို့ ဒီစာချုပ် နင်တို့ လက်ရေးနဲ့ရေးပြီး လက်မှတ်ထိုး၊ လက်ဗွေနှိပ်ပေးကြ၊ ဘာလို့လဲဆိုတော့ အခု က မြန်မာနိုင်ငံကို ပြန်ချင်တဲ့သူတွေ အရမ်းများနေလို့ ငါတို့ကို အိုမန် ပို့သလိုလိုနဲ့ ဒူဘိုင်းလေဆိပ်ကနေ မြန်မာလေယာဉ်ပေါ်ပဲ တင်ပေးမှာ သိလား။ လုပ် လုပ် မြန်မြန်လေး ရေးလိုက်ကြ ဆိုပြီး မိုးသူဇာကိုယ်တိုင် စာချုပ်နှစ်မျိုးလုံးမှာ လက်မှတ်ရေးထိုး လက်ဗွေနှိပ်ပါတယ်။ ကျွန်မတို့ကိုလည်း ကိုယ်တိုင် အိုမန်နိုင်ငံမှာ အလုပ်သွားလုပ်ရန် သဘောတူညီကြောင်း စာချုပ်မှာတစ်ကြိမ် လက်မှတ်ရေးထိုး လက်ဗွေနှိပ်ထားတာမို့ ယုံကြည်စွာဖြင့် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးမည်ဟု ပြောသည်ကို ယုံကြည်ခဲ့ပါသည်။


ထိုစာချုပ်တွင် ကျွန်မတို့ လက်ရေးဖြင့် ရေးရသည်မှာ -

"ကျွန်မ ဒေါ်သဉ္ဇာမိုး MF 759821 ကိုင်ဆောင်သူသည် ကုမ္ပဏီမှပေးသော လေယာဉ်လက်မှတ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပါမည်။ ကုမ္ပဏီဘက်မှလည်း ကျွန်မတို့ ပတ်စ်ပို့စ်၊ လစာ၊ ဖုန်းနှင့် စာရွက်စာတမ်းများကိုလည်း ပေးအပ်ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံသို့ ပြန်ရောက်သည့်အခါမှာလည်း ဤကုမ္ပဏီ TAD-BEER SHAMMA AL MAHAIRI Tadbeer Domestic Workers Service Center ၏ အကြောင်းအရာများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားခြင်းများ မပြုလုပ်ရန်" အစရှိသော အကြောင်းအရာများ ပါဝင်ပါသည်။ အိုမန်နိုင်ငံသို့ သွားရောက် အလုပ် လုပ်ကိုင်ရန် ရေးထိုးရသည့် စာချုပ်မှာတော့ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကျွန်မတို့၏ လက်ရေးနှင့် ရေးခဲ့ရပါသည်။

ထိုနေ့မှစတင်ပြီး ရက်ပေါင်းများစွာ ထပ်မံကြာလာသည့်တိုင်အောင် ကျွန်မတို့ကလည်း အိုမန်မှာ အလုပ်ရလိမ့်နိုးနိုး၊ ကုမ္ပဏီမှပေးသော လေယာဉ်လက်မှတ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ရလိမ့်နိုးနိုး စောင့်မျှော်ခဲ့ပါသည်။


၄-၉-၂၀၂၂ ရက်နေ့တွင် မြန်မာကိုယ်စားလှယ် ဒေါ်မူမူကျော်က အိုမန်ပရောဂျက် ပျက်သွားကြောင်း၊ နင်တို့ မိသားစုတွေကို ဖုန်းဆက်ပြီး နင်တို့လာခဲ့ကြတဲ့ သက်ဆိုင်ရာ အေးဂျင့်တွေဆီကို US $ 2000 နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေ သိန်း(၈၀) ပို့ပေးခိုင်းပါ။ နင်တို့ကို ကုမ္ပဏီက အလုပ်ပြန်မပေးတော့ဘူး လို့ တရားဝင် ပြောကြားလာပါသည်။ ငွေမရှိသဖြင့် ဒူဘိုင်းနိုင်ငံတွင် အနိမ့်ကျဆုံး အိမ်အကူ အလုပ်ကို လာရောက်လုပ်ကိုင်သည့် ကျွန်မတို့တတွေအားလုံး စိတ်ဓာတ်ကျစွာဖြင့် နေ့စဉ်နှင့်အမျှ ငိုကြွေးခဲ့ရပါသည်။

ကျွန်မတို့မှာ ရွေးချယ်စရာမရှိသည့်အဆုံး ထွက်ပြေးလာခဲ့ကြရခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သံအမတ်ကြီးနှင့်တကွ သက်ဆိုင်ရာ တာဝန်ရှိ လူကြီးမင်းများက ကျွန်မတို့ (၆)ယောက်၏ လုံခြုံရေး၊ ကျန်းမာရေးကို ထောက်ထား ညှာတာစွာဖြင့် မြန်မာနိုင်ငံက မိသားစုများရှိရာသို့ ပြန်လည်ပို့ဆောင်ပေးနိုင်ပါရန် မေတ္တာရပ်ခံ တောင်းပန်အပ်ပါသည်။



https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)