ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကျင်းပ



MNP - အောက်တိုဘာ   ၂၈


ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲ မဲစာရင်းမှန်ကန်ရေး မြေပြင်လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့  နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် နိုင်ငံသားအားလုံး ၎င်းတို့၏ နိုင်ငံသားဖြစ်တည်မှုအရ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးခြင်း လုပ်ငန်းကို ခေတ်အဆက်ဆက်ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ယခုနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားအားလုံး ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲပေးနိုင်ရေးရည်ရွယ်၍ ပန်းခင်းစီမံချက်ဖြင့် ၁၈ လတာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့ဌာနအနေဖြင့် မဲစာရင်းမှန်ကန်ရေးအတွက် ဆက်စပ်ဌာနများဖြစ်သည့် ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ တိုင်းဒေသကြီး/ ပြည်နယ် မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့သည့် ကနဦးစာရင်းများသည် မိမိတို့ဝန်ကြီးဌာန၏ အခြေခံစာရင်းဖြစ်သည့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ (၆၆/၆)ပါစာရင်းများနှင့် ကိုက်ညီရေးအတွက် သုံးပွင့်ဆိုင်တိုက်ဆိုင်စစ်ဆေးရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် အရေးကြီးသည့် လုပ်ငန်းတစ်ခုဖြစ်သည့် မဲစာရင်းမှန်ကန်စွာပြုစုရေးလုပ်ငန်းကို သတ်မှတ်ကာလအတွင်း အောင်မြင်စွာပြီးစီးနိုင်ရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း မဲစာရင်းမှန်ကန်စွာပြုစုနိုင်ရေးအတွက် ဆက်စပ်ဌာနများအချင်းချင်း ညှိနှိုင်းပေါင်းစပ်ကာ ပြည်သူများအား အသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ ရပ်ကွက်/ကျေးရွာအရောက် ပြည်သူများသိရှိစေရေး ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မင်းက ပန်းခင်းစီမံချက်ဆောင်ရွက်ပြီးစီးမှုနှင့် မဲစာရင်းမှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်ပြီးစီးမှုကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအရာရှိ ဒေါက်တာကျော်ကိုလတ်က မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


သတင်း - သက်ဖြိုးကြိုင် 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)