MNP - အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ်၊ လွိုင်လင်အရှေ့ကျေးရွာအုပ်စု၊ ပါဟုတ်ကျေးရွာ ရေရရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့်အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက ပါဟုတ်ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်ရှေးဦးစွာ ခဲလောင်းကျေးရွာသို့ မွန်းလွဲ ၁၂ နာရီတွင် ရောက်ရှိပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် ခဲလောင်းကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း ( ၂ မိုင် ၆ ဖာလုံ)၊ ဂါလံ ၅၀၀၀ ဆံ့ ရေကန်တည်ဆောက်ထားရှိမှုကို ကြည့်ရှု့စစ်ဆေးသည်။ ထို့နောက် ဆက်လက်ထွက်ခွါလာခဲ့ရာ ပါဟုတ်ကျေးရွာ ရေရရှိနိုင်မည့်အခြေအနေများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် ကွင်းဆင်းစစ်ဆေးတိုင်းတာခဲ့ကြောင်း သိရသည်။
အဆိုပါ ပါဟုတ်ကျေးရွာသည် အိမ်ခြေ ၁၀၀ ခန့်နှင့် လူဦးရေ ၆၀၀ ခန့် နေထိုင်ကြပြီး နွေရာသီကာလများတွင် ရေရှားပါးမှုအခက်အခဲများ ကြုံတွေ့ကြရခြင်းဖြစ်၍ ကျေးရွာရေရရှိရေးလုပ်ငန်း အမြန်ဆုံး ဆောင်ရွက်နိုင်ရန် ကွင်းဆင်းစစ်ဆေးရခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment