MNP - အောက်တိုဘာ ၃၁
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ယမန်နေ့ နံနက် ၁၁:၄၅ အချိန်တွင် ရောက်ရှိခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြိုဆိုခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်သည် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းမှု အခြေအနေများမေးမြန်းပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝန်းအတွင်း တစ်ပိုင်တစ်နိုင် တိုင်းရင်းကြက် မွေးမြူထားရှိမှုအား သွားရောက်ကြည့်ရှုခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကင်းကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ရောက်ရှိကာ တိုက်နယ်ဆရာဝန်ဒေါက်တာ ကောင်းမြတ်ထက်နှင့် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ဆေးရုံအတွင်းတက်ရောက် ကုသလျက်ရှိသော လူနာများအား ကြည့်ရှုအားပေးစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည့်စင်ကုန်ကျေးရွာနှင့် ပတ္တော်ကျေးရွာအကြားရှိ ဆိုဒ်အမှတ်(၁၄)တွင် ဆောင်ရွက်လျက်ရှိသော အရှည်(၅)မိုင်ရှိ ရေကင်းအုပ်စု၊ မြောက်ရွာမှ မြစ်သာအုပ်စု၊ မြစ်သာတံတားအထိ ကွန်ကရစ်လမ်းခင်းကျင်းပြီးစီးမှု၊ ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်း - ကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment