(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ပန်းခြံဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှာကမြင်ပန်းခြံဖွင့်လှစ်



MNP - အောက်တိုဘာ   ၃၁


နိုဝင်ဘာလ ၇ ရက်နေ့တွင်ကျရောက်မည့် (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရုက္ခဗေဒပညာရှင်များ၊ ပန်းဝါသနာရှင်များ၊ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များအား ဆွဲဆောင်မှုရှိသော နေရာတစ်ခုဖြစ်စေရေး ရည်ရွယ်ဆောင်ရွက်ထားသော လှာကမြင်ပန်းခြံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါပန်းခြံတည်နေရာ၌ ကျင်းပသည်။


ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား Green City‚ Clean City ဖြစ်စေရေး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လှပစေရေးအတွက် မြို့အဝင်အထွက်နေရာများ စိမ်းလန်းစိုပြည်လှပစေရေး၊ မြို့တွင်းသန့်ရှင်းသာယာလှပစေရေး၊ ရေစီးရေလာစနစ်ကောင်းမွန်စေရေးနှင့် အများပြည်သူအနားယူအပန်းဖြေနိုင်မည့်ပန်းခြံ၊ ကလေးကစားကွင်းနှင့် လျှောက်လမ်းများကို ဖန်တီးပေးလျက်ရှိကြောင်း၊ ပန်းခြံအားရှုချင်စဖွယ်ဖြစ်အောင် အမြဲစိမ်းလန်းသာယာလှပစေရန် ရေရှည်စီမံချက်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူများအတွက် စိတ်လက်ပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်မည့် အဆင့်မြင့်ပန်းခြံတစ်ခုဖြစ်စေရေး တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးလွင်က လှာကမြင်ပန်းခြံ တည်ဆောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး လှာကမြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။


ယင်းနောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက လှာကမြင်ပန်းခြံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လှာကမြင်ပန်းခြံဆိုင်းဘုတ်နှင့် လှာကမြင်ပန်းခြံကမ္ပည်းမော်ကွန်းတို့အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်းဘေဘီမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တက်ရောက်လာသူများသည် လှာကမြင်ပန်းခြံအတွင်း စိုက်ပျိုးထားသော သစ်ပင်ပန်းပင်လေးသိန်းကျော်၊ ကွန်ကရစ်လျှောက်လမ်း၊ ရေပန်းအဝိုင်း၊ ရေကန်နှင့်ရေတံခွန်၊ ဂုံးတံတား၊ နားနေဆောင်၊ ကလေးကစားကွင်း၊ ပန်းအလှပင်နှင့်မြေယာရှုခင်းများ၊ ကရင်ရိုးရာအိမ်(၄)လုံး၊ ကော်ဖီဆိုင်နှစ်ဆိုင်နှင့် ရေပေးဝေရေးစနစ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖျော်ဖြေပေးပါသော ကရင်ရိုးရာယဉ်ကျေးမှု ဒုံးအဖွဲ့များ၊ ဘင်ခရာအဖွဲ့များ၊ ပန်းပွားအကအဖွဲ့များအား ဆုတော်ငွေများ ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးသူရမြင့်သူက ပန်းခြံဖွင့်ပွဲသို့ တက်ရောက်လာသော ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား ဖွင့်ပွဲအထိမ်းအမှတ် ပန်းခြံပုံစံငယ်များအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နိုင်ငံကျော်တေးသံရှင် Lဆိုင်းဇီ၊ မော်ဒယ်သရုပ်ဆောင်များနှင့် Section Player Music Band တို့တွဲဖက်၍ လှာကမြင်ပန်းခြံဖွင့်ပွဲအထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က တေးသံရှင်များနှင့် တီးဝိုင်းအဖွဲ့သားများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


သတင်း - စောမျိုးမင်းသိန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)