ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ် အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်ဖွင့်လှစ် အားပေး



MNP - အောက်တိုဘာ   ၁၅


ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ ပြည်နယ်အတွင်းရှိ မြို့/ရွာများ သန့်ရှင်းသာယာ လှပလာစေရေး အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။


ထို့သို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက ဆေးရုံဝင်းအတွင်း ဌာနဆိုင်ရာများ၊ မြစ်ကြီးနားနယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ အရာရှိစစ်သည်များနှင့် တပ်နယ်မိသားစုများက ဆေးရုံလူနာဆောင်များတွင် သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ခြင်း၊ အမှိုက်များကောက်ယူခြင်းနှင့် ရေနှုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ ပူးပေါင်းပါဝင်၍ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ ပေးအပ်ကာ သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်သူများအား နံနက်စာမုန့်နှင့် ရေသန့်ဘူးများ လိုက်လံဝေငှ ကျွေးမွေးခဲ့သည်။


ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ ပြည်သူ့အားက စားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ ပူးပေါင်းကျင်းပသည့် သီတင်းကျွတ် အထိမ်းအမှတ် အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။


ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲကို စဉ်ဆက်မပြတ်ပြုလုပ် ကျင်းပခြင်းအားဖြင့် ပိုက်ကျော်ခြင်း အားကစားနည်းတွင် မျိုးဆက်သစ်လူငယ်များ မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ပြီးခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်လည်း အောင်မြင်မှုများကို ရရှိခဲ့သည့်အပြင် ပြည်နယ်လက်ရွေးစင်အားက စားသမား(၃)ဦးသည် နေပြည်တော်လက်ရွေးစင် Camp တွင် စခန်းသွင်းလေ့ကျင့်ဝင်ရောက်လျက်ရှိရာ မြန်မာ့လက်ရွေးစင်အဖြစ် ရွေးချယ်ခံရဖို့ အခြေအနေကောင်များ ကြားသိရသည့်အတွက် ပြည်နယ်လက်ရွေးစင်များ အစားထိုးရွေးချယ် သွားရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။


ထို့နောက် ကစားသမားများက သစ္စာအဓိဓာန်ရွတ်ဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ပိုက်ကျော်ခြင်းအသင်း (၁၃) သင်းမှ ကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ကြက်ပေါင်ခြံအသင်းနှင့် အေးမြသာယာအလူမီနီယံအသင်းတို့၏ ယှဉ်ပြိုင်ကစားမှု ကို ကြည့်ရှုအားပေးခဲ့ကြသည်။


အဆိုပါ သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြစ်ကြီးနားမြို့ရှိ အသင်းပေါင်း (၁၃)သင်းဖြင့် အောက်တိုဘာ ၁၅ ရက်နေ့မှ အုပ်စု(၄)စုခွဲ၍ ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဗိုလ်လုပွဲကို အောက်တိုဘာ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကာ မျိုးဆက်သစ်ပိုက်ကျော်ခြင်အား ကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ်ပြိုင်ပွဲ၊ ဒီဇင်ဘာလူထု အားကစားလလှုပ်ရှားမှုပြိုင်ပွဲ၊ ပြည်ထောင်စုနေ့၊ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)