(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကျင်းပ

 


MNP - အောက်တိုဘာ   ၈


(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ကိုယ်စားပြုအဖွဲ့အား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ အနုပညာရှင် ဆရာ/ဆရာမများ၊ ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများနှင့် ဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကား ပြောကြားရာတွင် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်သူများအား အောင်ပန်း ဆင်နိုင်ရေးအတွက် အောင်နိုင်ရေး အလံပေးအပ်သည့် မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ သီဆို ကခုန်ခြင်းအနုပညာသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်း(၁၅၀၀)ကျော်ခန့်ကပင် ထွန်းကားခဲ့သည်ကို သရေခေတ္တရာပြတိုက်တွင် ပြသထားသော ပျုခေတ်လက်ရာကချေသည်(၅)ခုမှ သက်သေအခိုင်အမာ ပြသထားပြီး မြန်မာ့သမိုင်း ခေတ်အဆက်ဆက်တွင် ရေးဖွဲ့သီဆို ကခုန်တီးမှုတ်ခဲ့ကြသည့် ရိုးရာ ယဉ်ကျေးမှု အနုပညာရပ်များသည် မျိုးဆက်တစ်ဆက်ပြီး တစ်ဆက် လက်ဆင့်ကမ်းထိန်းသိမ်းခဲ့မှုကြောင့် ပစ္စုပွန်ကာလ အထိ တည်မြဲခဲ့ရပါကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း လူမျိုးတိုင်းတွင် မိမိုတို့ ကိုယ်ပိုင်ဟန်ပန်များဖြင့် အဆို၊ အက၊ ဂီတပညာများ ပိုင်ဆိုင်ထားကြပြီး လူမျိုး၏ ဝိသေသလက္ခဏာ များအဖြစ် အလေးအနက် တန်ဖိုးထား ကြပါကြောင်း၊ လူငယ်လူရွယ်များအနေဖြင့် ခေတ်ရေစီးကြောင်း အရ ပေါ်ပေါက်လာ သော တေးသီချင်း၊ ဂီတနှင့် အကများကို တိမ်းညွှတ်မှုရှိကြပြီး ရိုးရာတေးသီချင်းနှင့် ဂီတများအပေါ် စိတ်ဝင်စားမှုများ လျော့နည်း လာသောကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ အရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးနှင့် လက်ဆင့်ကမ်းနိုင်ရေးအတွက် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကြီး ပြန်လည်ပေါ်ပေါက်လာခြင်း သည် ဝမ်းမြောက်ဖွယ် ရာဖြစ်ပါကြောင်းနှင့် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ရရှိသည့် ပြိုင်ပွဲဝင်များ အနေဖြင့်လည်း ဂုဏ်ယူ ဝမ်းမြောက်ကြပြီး တိုင်းဒေသကြီး၏ ဂုဏ်ဆောင်နိုင်ရန် စည်းကမ်းတကျ ကြိုးစား ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။


ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးဗဟိုအဆင့် ပြိုင်ပွဲတွင် အောင်ပန်းဆင်နိုင်ရေးအတွက် အောင်နိုင်ရေးအလံအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အုပ်ချုပ်သူ အဖွဲ့ခေါင်းဆောင်ထံ ပေးအပ်ခဲ့ပြီး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခွင့်ရရှိသည့် ပြိုင်ပွဲဝင်များက မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အတီးများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲများအတွက် ထောက်ပံ့ကြေး ငွေကျပ် (၂၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မကွေးတိုင်းဒေသကြီးအနေဖြင့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲတွင် အဆိုဘာသာရပ်(၃)ခု၊ အကဘာသာရပ်(၆)ခု၊ အရေးဘာသာရပ်အဆင့်အလိုက် ပြိုင်ပွဲနှင့် အတီးဘာသာရပ်(၇)ခုတို့အား ပြိုင်ပွဲဝင် (၁၉၅)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)