သထုံမြို့ရှိ သမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူး ပြည်သူများဖြင့် စည်ကား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့ရှိ သမိုင်းဝင် ရွှေစာရံစေတီတော်မြတ်ကြီးတွင် သီတင်းကျွတ်လပြည့်နေ့၌ ဘုရားဖူး ပြည်သူများဖြင့် စည်ကား




MNP - အောက်တိုဘာ   ၁၀


မွန်ပြည်နယ်၊ သထုံမြို့ရှိ သမိုင်းဝင် လေးဆူဓာတ်စံ ရွှေစာရံစေတီတော်မြတ်ကြီးတွင် ယမန်နေ့ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)၌ ကုသိုလ်ဒါန ပြုသူများ၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများတို့ဖြင့် စည်ကား များပြားလျက်ရှိကြောင်း သိရသည်။


စေတီတော်မြတ်ကြီးမှာ ရန်ကုန်-မော်လမြိုင်‌ အဝေးပြေးလမ်းမကြီး နံဘေး၌ တည်ရှိသဖြင့် အလွယ်တကူ ဝင်ရောက် ဖူးမြှော်နိုင်ရာ အများပြည်သူ ပိတ်ရက်ကာလ ကျိုက်ထီးရိုး၊ ကျိုက္ခမီ၊ စက်စဲ အစရှိသည့် အောက်မြန်မာပြည် ဘုရားဖူး အပန်းဖြေ ခရီးထွက်သူ အများစုတို့ ခရီးတစ်ထောက်နား ဝင်ရောက်ဖူး‌မျှော်လေ့ရှိပြီး မြို့၏ အထင်ကရ စေတီလည်း ဖြစ်သည့်အလျှောက် ယခုကဲ့သို့ ဝါလကင်းလွတ် သီတင်းကျွတ် ကာလတွင် ဒေသခံ အပေါင်းတို့က မိသားစုအလိုက် လာရောက်ဖူးမြှော် ကုသိုလ်ပြုလေ့ ရှိသောကြောင့် အထူးစည်ကားကြောင်း စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။


“ဒီကာလက ဘုရားဖူးများတယ်။ ဘုရားဖူးများတဲ့ အတွက် လာတဲ့ ဧည့်သည်‌တွေ စိတ်ချမ်းသာဖို့နဲ့ အေးချမ်းလုံခြုံဖို့ အထူးဂရုစိုက် ရတယ်။ ဧည့်သည်တွေ စိတ်အေးချမ်းသာစွာ နားနိုင်ဖို့ တည်းခိုဆောင်‌၊ တန်ဆောင်းတွေ ကျန်းမာရေး အတွက် သောက်ရေသန့်နဲ့ သန့်ရှင်းတဲ့ အိမ်သာ၊ လျှပ်စစ်မီး စသည်ဖြင့် အတတ်နိုင်ဆုံး စနစ်တကျဖြစ်အောင်စီစဉ်ထားပါတယ်" ဟု စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေက ပြောသည်။


သမိုင်းမှတ်တမ်းများအရ သထုံရွှေစာရံ စေတီတော်မြတ်ကြီးမှာ ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကာလ မဟာသက္ကရာဇ် ၁၁၁ ခုနှစ်၊ သူရိယစန္ဒာ မင်းကြီးလက်ထက်၌ တည်ထား ကိုးကွယ်ခဲ့ပြီး ကကုသံ ဘုရားရှင်၏ ဆံတော်ရဇစ်ဆူ၊ ကောဏဂုံ ဘုရားရှင်၏ တောင်ဝှေးတော်၊ ကဿပဘုရားရှင်၏ မြသပိတ်တော်နှင့် ဂေါတမ ဘုရားရှင်၏ သွားတော်‌လေးဆူတို့ဖြင့် ဘုရားရှင်‌လေးဆူတို့၏ ဓာတ်တော် မွေတော်များကို ဌာပနာသွင်း ပူဇော်ထားသောကြောင့် လေးဆူဓာတ်စံ ရွှေစာရံစေတီဟူ၍ အနယ်နယ် အရပ်ရပ်၌ ထင်ရှားကျော်ကြားသော စေတီတစ်ဆူဖြစ်သည်။


သီတင်းကျွတ် လပြည့်‌နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ် ထားသည့် အဘိဓမ္မာအခါတော်နေ့ ဖြစ်သည့်အ‌လျှောက် ရွှေစာရံ စေတီတော်အပါဝင် သထုံမြို့နယ် အတွင်းရှိ ဘုရားကျောင်းကန် အသီးသီးတို့၌ အဘိဓမ္မာ အခါတော်နေ့ ပူဇော်ပွဲ၊ တရားသဘင် ဆင်ယင်ကျင်းပခြင်း၊ ဘုရားရှင်အား ဆီးမီး၊ ပန်း၊‌ ရေချမ်း ကပ်လှူပူဇော်ခြင်း၊ ရွှေသင်္ကန်းတော်များ ကပ်လှူ‌ပူဇော်ခြင်း၊ ဇီဝိတဒါန ငါးလွှတ်ခြင်း၊ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာ ကုသိုလ်ပြုကြသူများ တို့ဖြင့် အထူးစည်ကား ခဲ့ကြောင်း သိရသည်။


သတင်း - နဒီ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)