MNP - အောက်တိုဘာ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ အခြေခံပညာအထက်တန်းကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အဆိုပါကျောင်း၏ နှင်းဆီဆောင်ခန်းမတွင် ယနေ့နံနက်၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မောက်မယ်အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းအောင်က ကျောင်း၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် လိုအပ် ချက်များနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ယူနိုင်ရေးအတွက် ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင် ဦးစိုင်းကျော်မြင့်က ရှမ်းဘာသာဖြင့် မောက်မယ် အခြေခံပညာအထက်တန်းကျောင်း၏ လိုအပ်ချက်များဖြည့်ဆည်းပေးနိုင်ရေးအတွက် ကျောင်းသားမိဘများထံ ဆွေးနွေးတင်ပြကာ လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းကော်မတီများ၊ မိဘဆရာ အသင်းအမှုဆောင်များ၊ သက်ဆိုင်ရာဌာန မြို့နယ်ဆိုင်ရာတာဝန်ရှိသူမျာနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းမျိုးသန့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment