MNP - အောက်တိုဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲက ကျောက်မဲမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီးနိုင်ထွန်းသူက တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် အကြောင်းအရင်းတို့အား ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးသည်။
ဆက်လက်၍ ဌာနဆိုင်ရာများဖြစ်ကြသည့် မြို့နယ်စည်ပင်သာယာရေးဌာန၊ ကျောက်မဲခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ မြို့နယ်လျှပ်စစ်ဌာနတို့မှ တာဝန်ရှိသူများကဌာနအလိုက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဌာနအလိုက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့် အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြသည်။
ထို့နောက် ရပ်ကွက်နေပြည်သူများက လိုအပ်ချက်များအား ပြန်လည်တင်ပြဆွေးနွေးကြရာ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိများအပါအဝင် ရပ်ကွက်နေပြည်သူ(၅၄)ဦး တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲအခမ်းအနားအား မွန်းလွဲ ၁၂ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်း - မိုင်းထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment