MNP - အောက်တိုဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၂)နာရီက ကျိုက်လတ်မြို့နယ်တွင် စုပေါင်း မဟာဘုံကထိန်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က သီတင်းကျွတ်လပြည့်ကျော် (၂)ရက်နေ့က မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့သဖြင့် ပူးပေါင်းဆောင်ရွက်ပေးသည့် ဌာနဆိုင်ရာများနှင့် မြို့မိမြို့ဖ၊ အသင်းအဖွဲ့များအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ယခုလည်း စုပေါင်းမဟာဘုံကထိန်ပွဲကို စည်စည်ကားကား ဖြစ်စေလိုသဖြင့် ဝိုင်းဝန်းအကြံပြု ပေးကြစေလိုကြောင်း၊ မိမိတို့တတ်အားသရွေ့ ပဒေသာပင်များလည်း လှူဒါန်းကြစေလိုကြောင်း၊ တန်ဆောင်မုန်းလပြည့်နေ့တွင်လည်း မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားများ ပူဇော်ပွဲကျင်းပမည် ဖြစ်ကြောင်းတို့ကို ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး ခဲ့ကြသည်။ ကျိုက်လတ်မြို့နယ် စုပေါင်းမဟာဘုံကထိန်ပွဲကို အောက်တိုဘာလ ၂၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က ပဒေသာပင်များကို တိလောကမာရဇိန် မြတ်စွာဘုရားကြီး အတွင်းရှိ သာသနာ့ဗိမ္မာန်သို့ ၂၈ ရက်နေ့ ညနေ ၃ နာရီအရောက် ပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment