ရခိုင်ပြည်နယ်မှ သူဌေးရေအားလျှပ်စစ်စီမံကိန်း ၇၃ ဒသမ ၂၉ ရာခိုင်နှုန်းခန့်ပြီးစီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်မှ သူဌေးရေအားလျှပ်စစ်စီမံကိန်း ၇၃ ဒသမ ၂၉ ရာခိုင်နှုန်းခန့်ပြီးစီး



MNP ၊ အောက်တိုဘာ ၂၉

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ရခိုင်ပြည်နယ် သယံဇာတရေးရာ ဝန်ကြီး ဦးသန်းထွန်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး သက်လွင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့ အရှေ့မြောက်ဘက်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။


ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက လိုအပ်နေသော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရန် စွမ်းအင်အရင်းအမြစ်မျိုးစုံမှ ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်လျက် ရှိကြောင်း၊ ထိုသို့ ထုတ်လုပ်ရာတွင်လည်း ထုတ်လုပ်မှုစရိတ် သက်သာစေရန်နှင့် နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲရမှု သက်သာစေရန် ရည်ရွယ်တွက်ချက် ဆောင်ရွက်ထုတ်လုပ်ရကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှု ကုန်ကျစရိတ် သက်သာသော ရေအားအရင်းအမြစ် များစွာရှိသဖြင့် ရေအားလျှပ်စစ်စီမံကိန်းများမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် ဆက်လက် စီမံ ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ထုတ်လုပ်ရာတွင်လည်း သဘာဝပတ်ဝန်းကျင် ထိခိုက် နစ်နာမှု နည်းနိုင်သမျှနည်းအောင် ဆောင်ရွက်လျက်ရှိကြောင်း။


စီမံကိန်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်သုံး ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီရေး၊ စက်ပစ္စည်းများ စနစ်တကျ တပ်ဆင်အသုံးပြုရေးနှင့် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ဂရုစိုက်ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စီမံကိန်းပြီးစီးပါက ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း များစွာရရှိမည့်အပြင် ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားဖြင့် ဒေသအခြေခံ ခရီးသွားလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တမံရှုရပ်မှနေ၍ စီမံကိန်းဧရိယာအတွင်း ပင်မတမံ တည်ဆောက်ပြီးစီးမှု၊ ရေယူ အဆောက်အအုံ ဆောက်လုပ်နေမှု၊ ဓာတ်အားပေးစက်ရုံတည် ဆောက်တပ်ဆင်နေမှု၊ သိုလှောင် ရုံဝင်းအတွင်းစီမံကိန်းတွင် တပ်ဆင် အသုံးပြုမည့် စက်မှု၊ လျှပ်စစ်ပစ္စည်းများ ထိန်းသိမ်းထားရှိမှု၊ စီမံကိန်းပင်မတမံ ရေဝပ်ဧရိယာအတွင်း ကျရောက်သော ပုရစ် ကျေးရွာနှင့် ရေကောက်ကျေးရွာများ၏ ရွှေ့ပြောင်းပြန်လည်နေရာ ချထားမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။


အဆိုပါ သူဌေးရေအား လျှပ်စစ်စီမံကိန်းကို သံတွဲမြို့အနီးရှိ သူဌေးချောင်းပေါ်တွင် ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၄)တည်ဆောက်ရေးမှ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိပြီး ပင်မရေလှောင်တမံမှာ ဇုန်အမျိုးအစား (ကျောက်ဖြည့် တမံ)ဖြစ်ကြောင်း၊ ကန်ရေပြည့် ရေသိုလှောင်ပမာဏမှာ ၆ ဒသမ ၉၆ သိန်း ဧကပေ သိုလှောင်နိုင်ကြောင်း၊ စက်တပ်ဆင်အင်အား ၃၇ မဂ္ဂါဝပ် ဓာတ်အားပေးစက် သုံးလုံးဖြင့် စုစုပေါင်းစက်တပ်ဆင် အင်အား ၁၁၁ မဂ္ဂါဝပ်ရှိ ကာတစ်နှစ်လျှင် ပျမ်းမျှလျှပ်စစ် ဓာတ်အား ကီလိုဝပ် နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်၍ ရခိုင်ပြည်နယ်အတွင်းရှိ ဒေသများသို့ လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရေးနှင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ချိတ်ဆက်၍ ပို့လွှတ် ဖြန့်ဖြူးပေးနိုင်ရေး ရည်ရွယ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၇၃ ဒသမ ၂၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကုန်လျှင် ၇၆ ရာခိုင်နှုန်း ပြီးစီးမည်ဖြစ်ကြောင်း၊ ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် စီမံကိန်းတစ်ခုလုံး ပြီးစီးနိုင်မည်ဖြစ်၍ ရခိုင်ပြည်နယ်၏ ပထမဆုံးသော ရေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံတစ်ရုံအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)