MNP - အောက်တိုဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၂) ကို ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့လက်ထက်တွင် လယ်ယာမြေအခြားနည်း အသုံးပြုခွင့် ခွင့်မပြုခဲ့သော်လည်း ယခင်ခွင့်ပြုပေးခဲ့သည့် လယ်ယာမြေများအား ပြန်လည်စိစစ်၍ စည်းကမ်းချက်အတိုင်း ဆောင်ရွက်ခြင်းမရှိပါက လယ်မြေအဖြစ် ပြန်လည်သတ်မှတ်နိုင်ရေး ဆောင်ရွက်ရန်၊ မြေယာအယူခံမှုများနှင့်ပတ်သက်၍ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်၍ တက်ရောက်လာသည့် အဖွဲ့ဝင်များအနေဖြင့် မြေယာအယူခံမှု တစ်ခုချင်းစီအားသေချာစိစစ်၍ ဆုံးဖြတ်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မြို့နယ်အလိုက် ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေအား အခြားနည်းအသုံးပြုခြင်းမရှိစေရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လိုအပ်ပါက တားဆီးခြင်းနှင့် အရေးယူခြင်းများကို ချက်ခြင်းဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လယ်ယာမြေများအား အခြားသီးနှံပြောင်းလဲစိုက်ပျိုးခြင်း၊ နှစ်ရှည်သီးနှံပြောင်းလဲ စိုက်ပျိုးခြင်းတို့မှတစ်ဆင့် မြေယာအမျိုးအစားပြောင်းကာ အခြားနည်းလျှောက်ထားမှုများ မရှိစေရေး မြေပြင်တွင်စနစ်တကျ ကွင်းဆင်းဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် လယ်ယာမြေများ အကြောင်းမဲ့ဆုံးရှုံးမှုမဖြစ်စေရေး သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ကြီးကြပ်ဆောင်ရွက်သွားရန် ပြောကြား ခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး၊ လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင်က ဌာနဆိုင်ရာ ရုံးအဆောက်အဦများအတွက် မြေယာအမှုတွဲ (၆) တွဲ၊ ပုံစံ (၇) ပယ်ဖျက်ခြင်း အမှုတွဲ (၁) တွဲနှင့် မြေယာအယူခံမှု အမှုတွဲ (၄) တွဲတို့အား Power Point ဖြင့် အသေးစိတ်တင်ပြခဲ့ရာ တက်ရောက်လာသည့် အဖွဲ့ဝင်များက အကြံပြုဆွေးနွေးခဲ့မှုပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
သတင်း - သက်ဖြိုးကြိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment