မော်လိုက်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂) ကျင်းပ

 




MNP - အောက်တိုဘာ  ၂၇


စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၂) ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


အစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားရာတွင် “မော်လိုက်ခရိုင်ရဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များအပေါ် ကဏ္ဍအလိုက် အကောင်အထည် ဖော်နိုင်မှုအခြေအနေများ၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာ ဆောင်ရွက်တဲ့ ငွေလုံးငွေရင်း၊ သာမန်ပြင်ဆင်ထိန်းသိမ်းစရိတ်နှင့် ဆောင်ရွက်သည့် လုပ်ငန်းများပြီးစီးမှုအခြေအနေများနှင့် ဌာနအသီးသီးရဲ့ အခွန်အကောက်နှင့် သာမန်ရငွေ လျာထားချက်များအပေါ်မှာ ကောက်ခံရရှိမှု အခြေအနေများကို အဓိကဆွေးနွေးသွားမှာဖြစ်ပါကြောင်း၊ ဒုတိယ(၃)လပတ်ဖြစ်တဲ့အတွက် ဘဏ္ဍာနှစ်ရဲ့ နှစ်တစ်ဝက် ကုန်လွန်ခဲ့ပြီဖြစ်ပါကြောင်း၊ ပထမ(၆)လပတ်အတွင်းမှာ စီမံကိန်း များနှင့်ပတ်သက်လို့ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဘာတွေကိုလုပ်ဆောင်နိုင်ခဲ့တယ်၊ ဘာတွေမှာ အခက်အခဲတွေ ဖြစ်ပေါ်ခဲ့သလဲ၊ အခက်အခဲတွေအတွက် ဘယ်လိုပေါင်းစပ် ဆောင်ရွက်ခဲ့ကြောင်းနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနများက ဘာတွေပေါင်းစပ် ဆောင်ရွက်ပေးရမယ်ဆိုတာကို ဆွေးနွေးညှိနှိုင်းသွားရန် လိုအပ်ကြောင်း၊ ခရိုင်စီမံကိန်းရုံး၏တင်ပြချက်အရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်တန်ဖိုး ကျပ်သန်းပေါင်း (၁၅၄၂၅၈ ဒသမ ၇) သန်းမှာ စက်တင်ဘာလကုန်အထိ ကျပ်သန်းပေါင်း (၄၁၀၀၇ ဒသမ ၉) သန်းရရှိခဲ့ပြီး ရည်မှန်းချက်အပေါ် (၂၆ ဒသမ ၆) ရာခိုင်နှုန်း အကောင်အထည်ဖော်နိုင်ခဲ့တာကို တွေ့ရကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက (၉ ဒသမ ၆) ရာခိုင်နှုန်းလျော့နည်းဖြစ်ပေါ်ခဲ့ပါကြောင်း၊ လျော့နည်းရခြင်းမှာလည်း သစ်တောကဏ္ဍမှာ သစ်တောထွက်ပစ္စည်း ထုတ်လုပ်မှုလျော့နည်းခြင်း၊ သတ္ထုနှင့်တွင်းထွက် ပစ္စည်းကဏ္ဍမှာ ကျောက်မီးသွေး ထုတ်လုပ်မှုလျော့နည်းခြင်း၊ စက်မှုလက်မှုကဏ္ဍမှာ ဆန်ကြိတ်ခွဲမှုနဲ့ စားသုံးကုန်အချို့ လျော့နည်းခြင်း၊ ဆောက်လုပ်မှုကဏ္ဍမှာ ငွေလုံးငွေရင်း လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်မှု အားနည်းခြင်း၊ ဆက်သွယ်ရေးကဏ္ဍမှာ အင်တာနက်လိုင်း ကောင်းကောင်းမရသဖြင့် ဝင်ငွေလျော့နည်းခြင်း၊ ငွေရေးကြေးရေးကဏ္ဍမှာ စီးပွားဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်တို့၏ ဝင်ငွေတွေ လျော့နည်းခဲ့ခြင်းတို့ကြောင့် ဖြစ်ပါကြောင်း၊ မော်လိုက်ခရိုင်၏ စီးပွားရေးမှာ လယ်ယာနှင့်သားငါးက (၄၅) ရာခိုင်နှုန်းကျော် ပါဝင်သည့်အတွက် အရေးကြီးတဲ့ကဏ္ဍများ ဖြစ်ပါကြောင်း၊ ခရိုင်အတွင်းမှာရှိသည့် ပြည်သူအများစုရဲ့ စီးပွားရေးလည်းဖြစ်ပါကြောင်း၊ စီမံကိန်းရည်မှန်းချက်များ ပြည့်မီဖို့နှင့် ပြည်သူများ၏ စားဝတ်နေရေး အဆင်ပြေနိုင်ရန် သက်ဆိုင်ရာဌာနများဖြစ်သည့် စိုက်ပျိုးရေး၊ လယ်ယာမြေစီမံခန့်ခွဲမှု စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများက နယ်မြေဒေသ အခြေအနေ အချိန်အခါကိုလိုက်ပြီး ဘယ်လိုစီမံဆောင်ရွက်သွားမည်ဆိုတာကို ဆွေးနွေးသွားကြရန် လိုအပ်ပါကြောင်း၊ မော်လိုက်ခရိုင်ရဲ့ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ပြည့်မီအောင်၊ ခရိုင် အတွင်းမှာရှိတဲ့ ပြည်သူများရဲ့ စီးပွားရေး၊ လူမှုရေး ထိခိုက်နစ်နာမှုလျော့နည်းအောင် အခြေအနေ၊ အချိန်အခါကိုလိုက်ပြီး ကျန်တဲ့(၆)လကာလမှာ ကဏ္ဍရည်မှန်းချက်များ ပြည့်မီအောင်၊ ဘတ်ဂျက်လုပ်ငန်းတွေကို သတ်မှတ်အရည်အသွေးနဲ့အညီ အချိန်မီ ပြီးမြောက်အောင်၊ အခွန်အကောက်လျာထားချက်များ ပြည့်မီအောင် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ၊ မိမိတို့ဌာနအဖွဲ့အစည်းအလိုက် ခရိုင်ရဲ့လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်တွေရဲ့ ထူးခြားတဲ့ အခြေအနေများအပြင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့အနေနဲ့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများကိုလည်း ဆွေးနွေးတင်ပြကြရန်” လိုအပ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး၊ ခရိုင် စီမံကိန်းဦးစီးမှူး ဦးသောင်းထိုက်က ၂၀၂၂-၂၀၂၃ ခုနှစ် ဒေသန္တရစီမံကိန်း အကောင်အထည်ဖော်နိုင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ခံများက မိမိတို့ကဏ္ဍများအလိုက် တင်ပြခဲ့ကြသည်။


အဆိုပါ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃/၂၀၂၂) တို့ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


သတင်း - မော်လိုက်သားလေး


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)