မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် မကွေးခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်







MNP ၊ အောက်တိုဘာ ၃

မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက စီစဉ်ဖွင့်လှစ်သည့် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈နာရီအချိန်က မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။   


အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကား ပြောကြားရာ မျက်မှောက်ခေတ်ကာလမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံမှာသာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ငလျင်‌ဘေးအန္တရာယ် အပါအဝင် သဘာဝဘေး အန္တရာယ်များ မကြာခဏ ဖြစ်ပေါ်ကြုံတွေ့နေရသည့်အတွက် ခေတ်မီအဆင့်မြင့် ရှာဖွေ ကယ်ဆယ်ရေးသုံးပစ္စည်းကိရိယာတွေကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် စနစ်တကျ ကိုင်တွယ် ထိန်းသိမ်းအသုံးပြုတတ်စေရန်နှင့် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်များကို လက်တွေ့ လေ့ကျင့်သင်ကြားပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းဟာ မီးသတ်တပ်ဖွဲ့ရဲ့ တာဝန်တစ်ခုဖြစ်သည့်အတွက် နိုင်ငံတော်အတွင်း သဘာဝ ဘေးအန္တရာယ်များ အပါအဝင် အခြားသော ရုတ်တရက်ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ ကြုံတွေ့ရပါက အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှု နည်းပါးသည်ထက် နည်းပါးစေရန် ကြိုတင်မျှော်မှန်း၍ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ယခုလို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သင်ကြားလေ့ကျင့်ပေးရခြင်းဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင် များအနေဖြင့် ယခင်ကလို မီးဘေးလုံခြုံရေးလုပ်ငန်းများဖြစ်တဲ့ မီးသတိမူရေး၊ မီးဘေးကြိုတင် ကာကွယ်ရေးနှင့် မီးငြိမ်းသတ်‌‌ရေးလုပ်ငန်းတွေဆောင်ရွက်ရုံနဲ့ မလုံလောက်တော့ဘဲ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကိုပါ ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်စေဖို့ ခေတ်ကာလနှင့် လျော်ညီသော ရှာဖွေကယ်ဆယ်ရေး နည်းစနစ်တွေကို သင်တန်းသားများ အနေနဲ့ စနစ်တကျ လေ့လာသင်ယူသွားကြရန် လိုအပ်ကြောင်း၊ သင်တန်းကာလအတွင်းမှာ သင်တန်းသားများအနေနဲ့ သင်တန်းကချမှတ်ထားသည့် စည်းမျဉ်း၊စည်းကမ်း၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာကြဖို့နဲ့ သင်တန်းနည်းပြများကလည်း လေ့ကျင့်ချိန်များမှာ မတော်တဆ ထိခိုက်မှုတွေ မဖြစ်ပွားအောင် ဂရုစိုက်ကြပ်မတ်ကြဖို့ မှာကြားလိုကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများ ခင်းကျင်းပြသထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းကို အောက်တိုဘာလ ၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ အရန်မီးသတ်တပ် ဖွဲ့ဝင်များ၊ ပရဟိတလူမှုရေး အသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ စုစုပေါင်း (၅၀) ဦးတို့က တက်‌ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


အောင်ချမ်းသာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)