၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ စာပေးစာယူပထမနှစ်(၂/၂၂)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ စာပေးစာယူပထမနှစ်(၂/၂၂)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ



MNP ၊  အောက်တိုဘာ  ၁၈

၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ ပညာရေးဘွဲ့ စာပေးစာယူပထမနှစ်(၂/၂၂)သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်က ကြိုဆိုနှုတ်ဆက်စကား ပြောကြားရာတွင် နိုင်ငံတော်တည်ဆောက်ရေးတွင် အသိပညာ ၊ အတတ်ပညာများပြည့်ဝသည့် မျိုးဆက်သစ်နိုင်ငံ့သားကောင်းများကို ပြုစုပျိုးထောင်ပေးသည့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း၊ ဆရာ၊ ဆရာမများ၏ သင်ကြားမှုအရည်အသွေးကိုမြှင့်တင်ရန် ခေတ်စနစ်နှင့်အညီ အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှုများကို စဉ်ဆက်မပြတ်လေ့လာ၊ လိုက်နာသင်ယူနေရမည်ဖြစ်ကြောင်း၊ သင်တန်းပြီးဆုံး၍ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရာတွင် ပညာရေးကဏ္ဍသာမက ကျန်းမာရေး၊ လူမှုရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကျရာအခန်းကဏ္ဍ အသီးသီးတွင် ပါဝင်ဆောင်ရွက်နိုင်သည့် လူထုအကျိုးပြုသူများအဖြစ် စွမ်းဆောင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူဆရာ၊ ဆရာမများ၏ ကျွေးမွေးစရိတ်အတွက် ထပ်ဆောင်းထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီး ဒေါ်ချယ်ရီထွန်းက လက်ခံရယူခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ရှိ စာသင်ဆောင်များတွင် သင်ကြားနေမှုများ၊ စက်မှု၊ ပန်းချီ၊ ဂီတ၊ ကာယ၊ အိမ်တွင်းမှုပညာနှင့် သိပ္ပံလက်တွေ့ခန်းများ၊ စာကြည့်တိုက်များသို့ လှည့်လည်ကြည့်ရှုပြီး သင်ကြားရေးဆိုင်ရာ လိုအပ်ချက်များအပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည့် အခြေအနေများကို မှာကြားခဲ့သည်။


အဆိုပါသင်တန်းသို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အရည်အချင်းပြည့်မှီသူ ဆရာ၊ ဆရာမ စုစုပေါင်း(၁၇၅)ဦး  တက်ရောက်သွားမည်ဖြစ်ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)