တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို ထားဝယ်ရိုးရာသပိတ်မျှောပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

 



MNP - အောက်တိုဘာ  ၉


ဝါလကင်းလွတ်သီတင်းကျွတ်လပြည့်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၏ ရိုးရာအစဉ်အလာမပျက် နှစ်စဉ် နှစ်တိုင်း ပြုလုပ်ကျင်းပလျက်ရှိသော ထားဝယ်ရိုးရာသပိတ်မျှောပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၄ နာရီခွဲ အချိန် ထားဝယ်မြို့၊ တလိုင်းမရပ်၊ ဆိပ်ကမ်းသာလမ်း၊ ပြည်သူ့အပန်းဖြေရင်ပြင်၊ ထားဝယ်မြစ်ကမ်း၌ ကျင်းပသည်။


ဖွင့်ပွဲတွင် နိုင်ငံတော်သြဝါဒစရိယ၊ ဃောသိတရာမပါဠိတက္ကသိုလ်ကျောင်းတိုက်မှ အဂ္ဂမဟာပဏ္ဍိတဆရာတော်  ဘဒ္ဒန္တပညာသာမိ ၊ တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဇေယျဝတီစာသင်တိုက်မှ အဂ္ဂမဟာပဏ္ဍိတ ဆရာတော် ဘဒ္ဒန္တနန္ဒဝံသ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ မြိုမိ/ မြိုဖ ဦးဘမြင့်နှင့်ဦးထွန်းကြည်တို့က ထားဝယ်ရိုးရာသပိတ်မျှောပွဲမုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက်ဆရာတော်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက အရှင်ဥပဂုတ္ထမထေရ်မြတ်အား  သပိတ်မျှော၍ ဆွမ်းဆက်ကပ်ကုသိုလ်ပြုခဲ့ကြပြီး ဒေသခံပြည်သူများက ထားဝယ်ရိုးရာသပိတ်မျှောမုခ်ဦးမှစ၍ အကွေ့များပါသောဝင်္ကဘာကို ပျှော်ရွှင်စွာဖြတ်ကျော်ကာ သပိတ်မျှော၍ ဆုတောင်းပတ္ထနာပြုပြီး ကုသိုလ်ယူခဲ့ကြသည်။


သပိတ်မျှောပွဲကို နှစ်စဉ်နှစ်တိုင်းသီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်ကျင်းပလေ့ရှိပြီး စေတနာရှင်၊ အလှူရှင်များက သပိတ်မျှောပွဲလာရောက်ကြည့်ရှုသူများကို စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးခြင်း၊ သပိတ်မျှောပွဲတွင် မီးပုံးပျံအငယ်လွှတ်တင်ခြင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှုအက၊ ထားဝယ်ဒေသ သပိတ်မျှောပွဲ အက၊ ရွှေဝယ်သူများရေအိုးရွက် ယိမ်းအက၊ သမိုင်းအလှ တနင်္သာရီအက၊ ရှေးထားဝယ်ရိုးရာ ယမ်းအက၊ ရွှေဝယ်သူများ ရေခပ်သွားအက၊  အိုးစည်အက၊ များဖြင့်သီဆိုဧည့်ခံ ဖျော်ဖြေခြင်းများ ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများက ကြည်ရှုအားပေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က  ဖျော်ဖြေရေးအဖွဲ့နှင့် တီးဝိုင်းအဖွဲ့အား ဂုဏ်ပြုဆုပေးအပ် ချီးမြှင့်သည်။


သပိတ်မျှောပွဲတော်သည် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရည်စူး၍ ထားဝယ်ရိုးရာ မြေသပိတ်အထဲတွင် ဆွမ်း၊ မုန့်၊ သစ်သီး၊ ပေါက်ပေါက်၊ မုန့်ဆီကြော်၊ ယိုအမျိုးမျိုးစသည့် လှူဖွယ်များကိုထည့်ပြီး တံခွန်၊ ကုက္ကားများစိုက်ထူ၍ ဆီးမီးများ ထွန်းညှိကာသပိတ်မျှောခဲ့ခြင်းဖြစ်ပြီး ရာသီဥတုမိုးလေဝသကောင်းမွန်စေရန်၊ ဆန်ရေစပါးစီးပွားဥစ္စာပေါများ တိုးတက်စေရန်၊ မိုးဒဏ်၊ လေဒဏ်၊ သဘာဝဘေးရန်များနှင့် မကောင်းသော ဘေးဘယာကံကြမ္မာအပေါင်းကင်းဝေးလွှတ်မြောက်စေရန် ဆုတောင်းပတ္တနာပြုသည့် ရည်ရွယ်ချက်ဖြင့် ထားဝယ်တိုင်းရင်းသားလူမျိုးများက ရှေးအစဉ်အဆက်မှ ယနေ့တိုင် သပိတ်မျှောပွဲတော်ကိုကျင်းပလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


မြန်မာနိုင်ငံတွင် ဝါလကင်းလွတ်သီတင်းကျွတ်သည်နှင့် ဒေသအလိုက်ရိုးရာ အစဉ်အလာမပျက် ပွဲတော်များကို ကျင်းပဆောင်ရွက်လျက်ရှိရာ သီတင်းကျွတ်ကာလနှင့်အတူ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင်ရှိသော ထေရဝါဒဗုဒ္ဓဘာသာဝင်များက တောင်သမုဒ္ဒရာ၌ စံနေတော်မူသော အရှင်ဥပဂုတ္ထမထေရ်မြတ်အား ရည်စူး၍ သပိတ်မျှောပွဲတော်ကို ကျင်းပလေ့ရှိပြီး သပိတ်မျှောပွဲကို ထားဝယ်မင်းများ လက်ထက်မှစတင်၍ကျင်းပခဲ့ခြင်းဖြစ်ကာ ယနေ့တိုင် ထားဝယ်ရိုးရာယဉ်ကျေးမှုဓလေ့တစ်ခုအနေဖြင့် တည်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။


သပိတ်မျှောပွဲကိုနံနက် ၄ နာရီခွဲမှစ၍နံနက် ၆ နာရီအထိဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာဖြင့် သပိတ်မျှော ကုသိုလ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)